ဂျွန်ပေါ်လ်ဟာ သူ့ဘဝမှာ ဘယ်လို အလုပ်မျိုး လုပ်ချင်လဲ ဆိုတာကို ထိုင်းနယ်စပ်က ဒုက္ခသည် စခန်းမှာ နေထိုင်တဲ့ အချိန်မှာ တွေ့ရှိခဲ့ပါတယ်။ အိမ်နဲ့ နှစ်ရှည်လများ ဝေးကွာ နေရစဉ်မှာ မြန်မာပြည်ဘက်က လာသမျှသတင်းတွေကို အမြတ်တနိုး ထားရတဲ့ အချိန်တွေကို ကျော်ဖြတ်လာရတဲ့ အပြီးမှာ သတင်းထောက်တစ်ဦး ဖြစ်ချင်တယ်လို့ သူ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
သူ့ဇာတိဖြစ်တဲ့ ကယားပြည်နယ် အပြင် တောင်ဘက်က ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာလည်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ၁၉၈၀ ခုနှစ်လွန် ခေတ်တွေက စပြီး လူတွေ ထောင်နဲ့ သောင်းနဲ့ ချီပြီး စစ်ပြေးတွေ ဖြစ်ကုန်ကြတာဟာ အရှေ့တောင်အာရှရဲ့ အကြံ့ကြာဆုံးသော ဒုက္ခသည် အကျပ်အတည်း တစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုအချိန် ထိလည်း ထိုင်းနိုင်ငံက မြန်မာ နယ်စပ်နားက ဒုက္ခသည်စခန်းတွေမှာ လူ ၁ သိန်းနီးပါး နေထိုင်နေကြ ပါသေး တယ်။ ဒါတောင်မှ အများအပြားဟာ တတိယနိုင်ငံတွေမှာ ပြန်လည် နေရာချထားခြင်း ခံရပြီး ဖြစ်သလို တချို့တွေ ကလည်း မကြာခင်ကပဲ မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။
ဂျွန်ပေါ်လ်ဟာ မြန်မာနိုင်ငံရဲ့ ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ် လူငယ်သတင်းထောက်တွေ ထဲက တစ်ဦးပါ။ ဆယ်စုနှစ် အများအပြား အတွင်းမှာ အခုမှသာ သူတို့ဟာ တိုင်းရင်းသား ဒေသတွေမှာ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ သတင်းလိုက်လို့ ရတာမို့လို့ သူတို့ရဲ့ စွမ်းအင်နဲ့ စိတ်အားထက်သန်ခြင်း တွေဟာ လူထူရဲ့ ကြီးကြပ်မှုနဲ့ မေးခွန်းတွေကို ဖြေလေ့၊ သတိထားလေ့ မရှိတဲ့ အစိုးရ တာဝန်ရှိသူများရဲ့ မျက်စိစပါးမွေးစူးတာ ကို ခဏခဏခံရပါတယ်။
ဂျွန်ပေါ်လ်ဟာ မြန်မာပြည်ကို ၂၀၁၃ မှာ ပြန်လာပြီး ကန္တာရဝတီတိုင်းမ် သတင်းစာမှာ သတင်းထောက်အနေနဲ့ အလုပ် ဝင်လုပ်ခဲ့ပြီး အခက်အခဲတွေကို ဖြတ်ကျော်ခဲ့ရပါတယ်။
“ကယားပြည်နယ်မှာ သတင်းထောက် ဖြစ်ရတာဟာ အတော်ခက်ခဲတဲ့ အလုပ်ပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီမှာ လက်နက်ကိုင် အုပ်စုတွေရော အမည်းရောင် နယ်မြေတွေရော အများအပြား ရှိလို့ ပါ။ ရွာထဲကို သွားမယ် ဆိုရင် ကိုယ့်ကိုယ်ကို ဘာဖြစ်မလဲ ဆိုတာ မှန်းဆလို့ မရပါဘူး”
“အရင်တုန်းကဆို အင်တာဗျုးတွေဘာတွေ ရဖို့လည်း အရမ်းခက်တယ်။ လူတွေက ကျွန်တော်တို့ကို မသိကြဘူး။ ကျွန်တော် သတင်းထောက်ပါလို့ ရှင်းပြပြီး ရင်တောင်မှ သူတို့က စုံထောက်လား၊ ထောက်လှမ်းရေးကလား လို့ ထင်ကြတယ်။ အစိုးရဆီက သတင်းအချက်အလက် ရဖို့ ကလည်း လုံးဝ မလွယ်တာ။ အတော် ပြဿနာရှိတာ” လို့ ဆိုပါတယ်။ ၂၀၁၄ က စပြီးတော့တော့ “ပိုပြီးပွင့်လင်းမြင်သာ” လာတယ်လို့ ဆိုပါတယ်။
ကန္တာရဝတီတိုင်းမ် သတင်းစာဟာ “လူငယ်တွေက တည်ထောင်ခဲ့ပြီး အခုချိန်အထိလူငယ်တွေကပဲ ဆက်လက် လုပ်ဆောင် နေတာပါ” လို့ ဂျွန်ပေါ်လ်က ဆိုပါတယ်။ ဒါကလည်း မြန်မာနိုင်ငံလိုမျိုး လူကြီးလူငယ် ဆိုပြီး အဆင့်ဆင့်တွေ တင်းတင်းကျပ်ကျပ် ရှိတဲ့ နိုင်ငံအတွက် စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။
“ဝန်ကြီးတစ်ဦးနဲ့ အင်တာဗျုးပါရစေလို့ ခွင့်တောင်းရင် ကျွန်တော်တို့ကို ကလေးတွေလိုပဲ ဆက်ဆံတယ်။ ကျွန်တော်တို့ အလုပ်ကို သူတို့ တကယ်ပဲ အထင်မကြီးဘူး။ သူတို့ ပြောချင်ရာ ပြောလို့ ရတဲ့ ကလေးတွေ ဆိုပြီး ထင်ကြတယ်” လို့ အသက် ၂၂ နှစ် ရှိပြီ ဖြစ်တဲ့ ဂျွန်ပေါ်လ်က ပြောပါတယ်။
“အဲဒီတော့ ကျွန်တော်တို့က ပိုပြီး ကြိုးစားရတယ်၊ တိုက်ခိုက်ရတယ်”
ဆက်သွယ်ရေးဟာ သတင်းထောက်အတတ်ပညာအတွက် အသက်သွေးကြောပါ။ ဒါပေမယ့် ဂျွန်ပေါ်လ် နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ အခက်အခဲတွေအများအပြားတွေ့ခဲ့ရပါတယ်။
ကယားမှာ မီးတွေ ခဏခဏပျက်လွန်းလို့၊ မီးပျက်တိုင်း အီလက်ထရောနစ် ပစ္စည်းတွေ ပျက်စီးလို့၊ သူတို့ရုံးမှာ ဆိုရင် သတင်းသမားတွေဟာ ၂၀၁၄ ခုနှစ်ကျမှသာ စားပွဲခုံမှာ တင်လို့ရတဲ့ ဒက်စ်စတော့ ကွန်ပြူတာတွေကို သုံးနိုင်လာကြတာ လို့ ဆိုပါတယ်။
“အဲဒီတုန်းက ဆက်သွယ်ရေးက တအား ခက်ခဲတဲ့ အချိန်ပေါ့။ ကျွန်တော်တို့ ဓာတ်ပုံတို့၊ ဗွီဒီယိုသတင်းတို့ ရှိတယ် ဆိုရင် မယ်ဟောင်ဆောင်ကို ကိုယ်တိုင်သွားရတယ်။ အင်တာနက်က အရမ်းညံ့လို့။ တစ်ရက်၊ ဒါမှမဟုတ် မိုးတွင်းမှာဆို နှစ်ရက် ကြာတော့ အချိန်ကုန်တယ်”
ကယားပြည်နယ်မှာ ဘာသာစကားတွေ များပြားလှတာကလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ ကယောလူမျိုးတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ဂျွန်ပေါ်လ် ဟာ ကယောလိုမပြောတတ်ပါဘူး။ ဒါပေမယ့် ကယားဘာသာစကားရယ်၊ မြန်မာလိုရယ်၊ အင်္ဂလိပ်လိုရယ် ပြောတတ်ပါတယ်။
“ကျွန်တော်တို့ဆီမှာ အများသုံး ဘာသာစကား မရှိတာကလည်း (သတင်းထောက်တွေ အတွက်) အခက်အခဲတစ်ခုပဲ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ သတင်းလွှင့်ရင် ဘာစကားကို သုံးရမလဲ မသိဘူး”
“ဒုက္ခသည်စခန်းမှာ ဆိုရင် သတင်းဆိုတာက ကန္တာရဝတီတိုင်းမ် တစ်ခုတည်း ကပဲရတာ”
“စခန်းမှာ လူငယ်တွေ အများကြီးပဲ။ သူတို့က ဘောင်တစ်ခုထဲမှာပဲ နေနေကြတာ။ ဒီကိုပြန်လာလို့ ရှိရင် လူ့အဖွဲ့အစည်း ကြီးကြီးမားမားကို တွေ့ရတယ်”
“ကျွန်တော် ဒုက္ခသည်စခန်းမှာ ၄ နှစ်ကြာခဲ့တယ်။ တိုက်ပွဲတွေ များလွန်းလို့ တသက်လုံး အသက်ဆုံးတဲ့ အထိ အဲဒီမှာပဲ နေရတော့မယ်လို့ ထင်ထားတာ”
“ဒုက္ခသည်တွေကို အကုန် ပြန်လာစေချင်တယ်။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ စကားပြောကြည့်ရင် တစ်ချို့တစ်လေပဲ ပြန်လာမယ် ဆိုရင် ပြင်ဆင်စရာတွေ အများကြီးပဲ ဆိုတာကို သိကြတယ်”
“သတင်းထောက်ဖြစ်ရတာ ပြည်သူလူထုတွေကို ပညာပေးဖို့ အလွန်ကောင်းတဲ့ အလုပ်ပါ။
“ရွာမှာ နေတဲ့သူတွေက စီးပွားရေးသမားတွေရဲ့ လှည့်ကွက်တွေကို မသိတော့ သူတို့တွေ အသုံးစားခံရမှာ ကျွန်တော် စိတ်ပူတယ်”
“ကျွန်တော်တို့ ကယားလူမျိုးတွေက အမှောင်အောက်မှာ နေခဲ့ရတာ ဆယ်စုနှစ် ၆ စုနီးပါးဆိုတော့ အသိအကြား နည်းပါတယ်။ သူတို့အတွက် ကျွန်တော် တတ်နိုင်သမျှလုပ်ပေးရမယ်။ ။”
(၂၀၁၆ မေလ တွင်တွေ့ဆုံမေးမြန်းခဲ့ခြင်း)