ကတိမပျက်တဲ့ ကယန်းအမျိုးသမီး

ကတိမပျက်တဲ့ ကယန်းအမျိုးသမီး

ဖဲခုံ၊ ရှမ်းပြည်နယ်။

ကယန်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုကို ထူထောင်ခဲ့တဲ့ အမျိုးသားခေါင်းဆောင် တစ်ဦးက သူ့ရဲ့ အချစ်ခင်ဆုံး တူမ မအားပိုင်ကို ကယန်းအမျိုးသမီးတွေရဲ့ အရေးကို မြှင့်တင်ပေးဖို့ လုပ်ပေးပါ လို့ ပြောလာ ချိန်မှာ မအားပိုင်ဟာ ဆယ်ကျော်သက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ချီတုံချတုံ မဖြစ်ဘဲ ချက်ချင်းပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ သူ့ဘဝအတွက် အကြီးမားဆုံးသော စွန့်စားခန်းကြီး စပါတော့တယ်။

ထိုင်းနိုင်ငံကို ခိုးအဝင်မှာ မြန်မာအစိုးရ စစ်တပ်တွေနဲ့ တွေ့လို့ မြစ်ကူးပြေးတာကအစ၊ ထိုင်းနိုင်ငံရောက်တော့ ရုံးဖွင့်နိုင်ဖို့ ဘီယာဘူးအခွံတွေ ကောက်ပြီး ဝင်ငွေရှာတာက အလယ်၊ နှစ်ရှည်လများ အကြာမှာ မြန်မာနိုင်ငံကို ပြန်ရောက်လာလို့ သူလိုချင်တဲ့ သတင်းစကားကို ဘောလုံးပွဲ သုံးပြီး ဖြန့်တာက အဆုံးပေါ့။

သူ့ဦးလေး ဦးရွှေအေးရဲ့ ယုံကြည်အားပေးမှုကြောင့့််သာ အခက်အခဲ အမျိုးမျိုးကြားကနေ ကယန်းအမျိုးသမီး အစည်းအရုံးကို ရပ်တည်နိုင်အောင် ကြိုးစားမယ် ဆိုပြီး သူ ဆုံးဖြတ်ချက် ချခဲ့တာပါ လို့ ဆိုပါတယ်။ ဦးရွှေအေးဟာ ဦးနေဝင်းအစိုးရကို တိုက်ခိုက်ဖို့ ကယန်းပြည်သစ်ပါတီကို တည်ထောင်ခဲ့ပြီး နိုင်ငံရေးအရ သြဇာလွှမ်းမိုးသူ တစ်ဦး ဖြစ်လာပါတယ်။ မောင်နှမ ၅ ယောက် ရှိတဲ့ကြားက မအားပိုင်ကို ရွေးချယ်ပြီး ဒီတာဝန်ကို ပေးခဲ့တာကို သူက အမြဲပဲ ကျေးဇူးတင်နေပါတယ်။

အခုအချိန်မှာ ကယန်းအမျိုးသမီး အစည်းအရုံးဟာ ဖယ်ခုံမှာ ရုံးစိုက်ပြီး အမျိုးသမီးတွေကို ပညာတွေ၊ သင်တန်းတွေ ပေးပြီး အကြမ်းဖက်ခံရတဲ့ သူတွေကို အကူအညီပေးနေပါတယ်။ သပ်သပ်ရပ်ရပ် ရှိတဲ့ ဝင်းခြံလေးထဲက သူတို့ရဲ့ ရိုးရိုးရုံးလေးဟာ လေဝင်လေသန့်ကောင်းတဲ့ နှစ်ထပ်တိုက်ကလေးပါ။ ဟိုးရှေးရှေးတုံးက သုံးတဲ့ စားပွဲပေါ်တင်တဲ့ desktop ကွန်ပြူတာ တစ်ချို့နဲ့ နံရံပေါ်မှာ ကပ်ထားတဲ့ “ကယန်း ဒေသတွင် ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ တန်းတူညီတူမှုဖြင့် ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုင်းအဝိုင်းတစ်ခု ပေါ်ပေါက်လာရစေရမည်” ဆိုတဲ့ အစည်းအရုံးရဲ့ ပန်းတိုင်စာသားတွေ ရှိပါတယ်။

သူ့ဘဝကို ပြန်ပြီးနောက်ကြောင်းကောက်တဲ့ အချိန်မှာ ပြူတင်းပေါက်ကနေပြီး လိပ်ပြာလေးတကောင်ဟာ အိပ်ချင်မူးတူးနဲ့ မှားဝင်လာသလိုမျိုး ပေါ်လာပြီး စာရွက်စာတမ်းတွေ ထားထားတဲ့ ဗီဒိုတွေကြား ခဏပျံသန်းပြီး နေ့လယ်နေပူပူထဲကို ပြန်ထွက်သွားပါတော့တယ်။ မကြာခင်မှာပဲ စကား တိုးတိုးတိတ်တိတ် ဆိုတတ်ပေမယ့် သြဇာပါတဲ့ မအားပိုင်ရဲ့ အပြောအောက်မှာ ကျွန်မတို့ မျောပါသွားပါတော့တယ်။

ကယားနှင့် ရှမ်း ပြည်နယ်များကြားက တောင်တန်းများ  

“၂၀၀၁၊ ၂၀၀၂ မှာ ၁၀ တန်းပြီး သွားတယ်။ ၂၀၀၂ မှာ ကျွန်မ ဦးလေးက ဦးရွှေအေးရဲ့ အိမ်မှာ နေတယ်ပေါ့ နော်။ သူ့တူမပဲ ပေါ့။ အဖေ့ဘက်ကလည်း အမျိုးတော်တယ်။ လူမျိုးအနေနဲ့လည်း သူ့ကို ဦးလေးလိုပဲ မြင်ကြ တယ်။ အဲဒီမှာ ထမင်းဟင်းတွေ ချက်ကျွေးရင်းနဲ့ တနေ့ သူက ကျွန်မကို ပြောတယ်။ “အမျိုးသမီးအရေးကို လုပ်ဖို့ လိုနေပြီ။ ငါတို့ ကယန်းက အရမ်းနောက်ကျနေပြီ။ အောက်ကျနောက်ကျဖြစ်တယ်။ အခု ပြည်ပမှာ ဆိုလည်း အမျိုးသမီးတွေရဲ့ အသံတွေ ထွက်ပေါ်လာပြီ။ အဲဒီ အတွက်ကြောင့် ငါတို့ ကယန်းကလည်း လုပ်မှ ဖြစ်မယ်” လို့ ပြောတယ်”

“အဲဒီအချိန်မှာ ကျွန်မ ဦးနှောက်ထဲမှာ ဘာမှ မရှိသေးဘူး။ အသက်က ၂၀၊ ၂၁ ဝန်းကျင်ပဲ။ စိတ်ထဲမှာ လျှောက်လည်မယ်၊ သူငယ်ချင်းနဲ့ ပျော်မယ်၊ ပါးမယ်။ အဲဒီလောက်ပဲ”

“ကျွန်မကိုယ် ကျွန်မ ပြန်ဆန်းစစ်တယ်။ ငါဒီလောကမှာ ရှိနေတာ ဒီအရွယ်ကြီး ရောက်နေပြီ။ မိဘကိုလည်း အထောက်အကူ မပြုနိင်ဘူး။ ကိုယ့်လူမျိုး အတွက် တစ်ထောင့်တစ်နေရာ၊ အုတ်တစ်ချပ် သဲတစ်ပွင့် အကျိုးရှိ ရင် ကျေနပ်ပါပြီ ဆိုပြီး သွားလိုက်တာ”

“အဖေ အမေလည်း မသိဘူး။ ဘယ်သူ့ကိုမှ မပြောပါနဲ့ ဆိုပြီး ခိုးသွားခိုင်းတာ။ ရည်းစားက အစပေါ့နော်။ ထောက်လှမ်းရေးက လာမေးမှာကိုလည်း ကြောက်တာကိုး”

“ကျွန်မတို့ မြန်မာနိုင်ငံသားတွေ တော်တော်များများ သိထားတာက သူများနိုင်ငံရောက်ရင် မကောင်းတဲ့ မိန်းမပဲ ဖြစ်သွားမယ် လို့။ ကိုယ်ကလည်း အောက်လမ်းက သွားတာကိုး။ အောက်လမ်း ဆိုတာ ပတ်စပို့မရှိ ဘာမရှိ၊ ဘာသာစကားလည်း မတတ်ဘဲနဲ့ သွားမယ် ဆိုရင်တော့ သူများ ရောင်းစားတာကို ခံရမှာပဲ ဆိုပြီး စိုးတော့ စိုးရိမ်တယ်။ ဒါပေမယ့် ကျွန်မကတော့ “ရတယ်။ ဒီအမျိုးသားခေါင်းဆောင်မှ ငါ့ယုံကြည်သေးတာပဲ။ အဲဒီ ယုံကြည်မှုကို ငါတန်ဖိုးထားတယ်” ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားတာ”

“အစိုးရ သတ်မှတ်ထားတာ တောင်ကြီးကနေ လင်းခေးကို သွားဖို့ဆိုရင် အသက် ၂၅ ပြည့်မှ ထွက်ရတယ်။ တောင်ကြီးကနေ လင်းခေး လင်းခေးကနေ ထိုင်းဘက်သွားဖို့။ ကျွန်မက ဘယ်လိုဖြစ်ဖြစ်ပေါ့…၊ လုပ်မယ်ဆိုတဲ့ စိတ်က ခိုင်မြဲလာတယ်။ မခံချင်စိတ်က ပေါ်လာပြီ။ အစိုးရက အရမ်းပိတ်ပင်တယ် လေ”

“သွားတဲ့နေ့က ၂၀၀၅ ဇွန်လ ၁၃ ရက်လို့ ထင်တယ်။ ညနေပိုင်း ၃ နာရီ စထွက်တာ” အမျိုးသမီးကြီး တစ်ဦးက လာခေါ်တယ်။ ကျောပိုးအိတ် သေးသေးလေးနဲ့ပဲ။ အင်္ကျီ နှစ်စုံ သုံးစုံနဲ့။ အဲဒီအချိန်က စိတ်တော့ တအား ဝမ်းနည်းတယ်။ ဘယ်အချိန် ပြန်ရောက်လာမလဲ ဆိုတာ မသိဘူးလေ။ ကိုယ့်ရဲ့ အနာဂတ် မသိသေးဘူးပေါ့ နော်။

ကယားပြည်နယ်က နေဝင်ရီတရော

တိတ်တဆိတ် ခိုးသွားကြတဲ့ အခါမှာ ကားဂိတ်က သမံတလင်း ကြမ်းပြင်ပေါ်မှာ အိပ်ရတာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ အဆင်ပြေအောင် ပြောရတာတွေ တွေ့ကြုံခဲ့ပါတယ်။ နောက်ဆုံးတော့ သံလွင်မြစ်ကမ်းနံဘေးကို သူတို့ ရောက်ခဲ့ပါတော့တယ်။

“မြစ်ကို ဖြတ်မကူးခင်ပဲ နအဖ စစ်ကြောင်းနဲ့ တိုးတယ်။ အယောက် ၃၀၊ ၄၀ လောက်ပါတယ်။ တွေ့တော့ လိုက်တယ်။ အဲဒီတော့ ကျွန်မတို့က ပြေးတာ။ သတ်များသတ်မလား၊ (မုဒိန်းများ) ကျင့်မလား ဆိုပြီး ကြောက်ပြီး ပြေးတာပေါ့နော်”

“ခါးလောက်ရှိတဲ့ သံလွင် မြစ်ထဲကို ဖြတ်ကူးပြီး ရေကြောင်းတစ်လျှောက် ပြေးတာ။ ခြေထောက်တွေလည်းနာ။ ဘာရှိလို့ ရှိမှန်းမသိဘူး။ ကိုယ့်အသက်လုရပြီ ဆိုတော့”

“ထိုင်းရဲ့ နယ်စပ် တောင်ကုန်းဘက်ကို ပြေးတာ။ ဝ နယ်မြေဘက် ပေါ့။ အဲဒီဘက်ရောက်သွားတော့ သူတို့ လိုက်လို့ မမီတော့ဘူး။ ဗမာဘက် မဟုတ်တော့ဘူး ဆိုတော့ သူတို့က နောက်ဆုတ်သွားလိုက်တယ်။ ကျွန်မတို့ ရောက်သွားတော့ ည ၁၂ နာရီကျော်ပြီ”

“မိုးကလည်း ရွာ။ လူကလည်း စိုရွှဲနေတယ်။ ထမင်းကလည်း ဆာလွန်းလို့ တုန်နေတာလေ။ နှစ်ညလောက် ရှိပြီ ဘာမှမစားရဘူး”

“ဗမာ စကား နည်းနည်းတတ်တဲ့ ဝ တစ်ယောက်က ရတယ်။ ငါ ပို့ပေးမယ်။ ဘယ်လိုခေါ်သွားသလဲ ဆိုတော့ ကတုတ်ကျင်းထဲကနေ သွားပြီးတော့ တောထဲကို ဖြတ်တာ။ လုံးဝ ဓာတ်မီးထွန်းခွင့် မရှိ။ ဓာတ်မီးထွန်းရင် ထိုင်းစစ်တပ်တွေ၊ ကင်းလှည့်တဲ့ စစ်တပ်တွေ တွေ့မယ်။ ပစ်ခံရလိမ့်မယ် ဆိုပြီး။ မှောင်မှောင်မည်းမည်း သစ်တောနက်ကြီးထဲ ကျွန်မတို့ ဖြတ်သန်းသွားရတာ။ ည ၁၂ နာရီကနေ မနက် ၂ နာရီအထိ သွားရတယ်။ အရမ်း စိတ်လှုပ်ရှားဖို့လည်း ကောင်းတယ်။ အခုထက်ထိလည်း မမေ့နိုင်သေးဘူး ပေါ့။ တစ်ကယ်လို့ ပြုတ်ကြရင် သေမယ်။ ချောက်ထဲ ကျမှာလေ။ အကောင်ပလောင်တွေ အော်သံပဲ ကြားရတယ်”

“မနက် ၂ နာရီရောက်လာတော့ (လမ်းပြက) ထိုင်းနယ်စပ်ကို ရောက်တော့မယ်တဲ့။ ကင်းပုတ် ရှိတယ်။ စီစီတီဗွီ ကင်မရာ တပ်ထားတယ်။ ကင်းပုတ်က ကင်မရာက ကျွန်မတို့ဘက် ရောက်လာပြီဆိုရင် အိပ်ချပစ်လိုက်ရတယ်။ ပြီးရင် ဟိုဘက်ပြန်သွားတယ် ဆိုရင် ပြေး။ အဲဒီလိုမျိုး ဖြတ်ရတာပေါ့ နော်”

“ပြေးရင်းနဲ့ ရွာရဲ့ အစွန်ဆုံးမှာ တဲလေးတွေ့တယ်။ တော်သေးတယ် မီးဖိုတစ်ဖို မီးမွှေးထားလို့။ ကော်ဖီလည်း တွေ့တယ်။ အဲဒီတော့ ကော်ဖီသောက်ပြီး မြေကြီးပေါ်မှာ အိပ်ပျော်သွားတယ်။ မနက် ၄ နာရီလောက် ရောက်တော့ ဦးလေးတစ်ယောက်က လာနှိုးတယ်။ “ထ၊ ထ၊ ထ။ ထိုင်းစစ်တပ်တွေ ရောက်လာပြီ။ ပြေး” ဆိုတော့ အိမ်နောက်ဘက်ကို ပြေးတာ။ ခြုံပုတ်တွေက လူတစ်ရပ်လောက် ရှိတယ်”

“ခဏနေ မိုးနည်းနည်းလင်းလာ၊ ကြက်လည်းတွန်လာ၊ ဖြူဖြူ ဖြူဖြူတွေ တွေ့တယ်။ နောက် မနက် ၅ နာရီခွဲ ၆ နာရီ လောက်တော့မှ ကြည့်တော့ သင်္ချိုင်းကုန်း ဖြစ်နေတယ်။ (ရီတယ်) သင်္ချိုင်းကုန်းမှာ နေခဲ့ရ အိပ်ခဲ့ရတဲ့ ဘဝတွေပေါ့ နော်”

“အဲဒီလို ကျွန်မတို့ စခဲ့တာ။"

မယ်ဟောင်ဆောင်က ဒုက္ခသည်စခန်းတစ်ခုမှာ ဆီမီးခွက်နဲ့ စာဖတ်နေတဲ့ ကလေးနှစ်ဦး။ ၂၀၁၃ က ရိုက်ထားတဲ့ပုံပါ။

အဖွဲ့အစည်း တစ်ခုဖြစ်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူးနော်။ ပိုက်ဆံလည်း မရှိဘူး။ ရုံးလည်း မရှိသေးဘူး။ အဖွဲ့ကလည်း ၂ ယောက်ပဲ ရှိသေးတယ်။  နည်းပညာ ပိုင်းဆိုင်ရာ ကွန်ပြူတာတို့ ဘာတို့ ဆိုရင်လည်း ကျွန်မ မရိုတ်တတ်ဘူး။ ဘာမှလည်း မသိဘူး”

“ဘယ်လောက် ရိုးသလဲ ဆိုတော့ ရုံးမှာ အီးမေးစဖောက်တဲ့ အချိန်မှာ သူများကလိပ်စာတောင်းတော့ ကျွန်မ အီးမေးရော password ရော တစ်ခါတည်းပေးလိုက်တာ။ လူတိုင်းကိုပေးတာ။ ဒါက password နော် ဆိုပြီးတော့…” (ဟက်ဟက်ပက်ပက်ရီတယ်)

“အတော်ရုံးကန်ခဲ့ရတယ်။ ပိုက်ဆံမရှိတော့ ဘီယာဘူး လိုက်ကောက်ပြီး ရောင်းရင်းနဲ့ အဲဒီ စာပို့ခတွေ ရတယ်။ စားစရာ ဆိုလည်း တောထဲမှာ လိုက်ခူးပြီး အရွက်တွေလိုမျိုး ရှာစားရတာပေါ့နော်။ ကိုယ့်ခြေထောက်ကိုယ် အားကိုး ရတယ်။ စာပို့ရတာတောင်မှ ရိုးရိုး ရက်ကြာတဲ့ ဟာမျိုးနဲ့ပဲ ပို့နိုင်တယ်။ ဒါပေမယ့် မကြောက်ဘူး။ မဲဟောင်ဆောင်းမှာ ကယန်းရွာ ၃ ရွာ ရှိတယ်လေ။ သူတို့ အခေါ် long neck တွေ နေတယ် လေ။ ဆန်မရှိဘူး ဆိုရင် အဲဒီဘက်မှာ သွားတောင်းတယ် လေ”

“၂၀၀၆ နှစ်ဝက်လောက်မှ ရုံးလုပ်နိုင်တာ။ ရုံးဆိုတာ တဲသာသာလေး။ စျေးပေါပေါနဲ့ ဘတ် ၈၀၀ လားမသိဘူး။ အရှေ့မှာဆိုရင် လူသေရင် ခေါင်းလာ သဂြိုဟ်တဲ့ဟာ ရယ်။ အောက်မှာဆို ချောက်ပဲ ရှိတော့တယ်။ အဲဒီ နေရာလေးမှာ ကျွန်မတို့ နေတယ်။ ရုံးလည်း အိမ်၊ အိမ်လည်း ရုံး”

ကယားပြည်သစ်ပါတီကို တည်ထောင်ခဲ့တဲ့ ဦးလေး ဦးရွှေအေးဓါတ်ပုံကို ကိုင်ထားတဲ့ မအားပိုင်

“(ဦးလေး) ဦးရွှေအေးက ၂၀၀၆ မှာ ဆုံးသွားတယ်။ စိတ်မကောင်းဘူး ဆိုပေမယ့် ပြန်လာလို့လည်း မရဘူး။ ပေးထားတဲ့ တာဝန်ရှိသေးတယ်။ ကိုယ့်ရည်ရွယ်ချက် မအောင်မြင်ချင်းတော့ ပြန်မလာဘူး ဆိုပြီး ဆက်နေတယ်”

“ကျွန်မ စိတ်ညစ်တိုင်း၊ စိတ်ညစ်တိုင်း သူက ကျွန်မရဲ့ ခွန်အားပဲ။ ကျွန်မကို ဒီဘဝရောက်အောင် သူက တွန်းပို့ ပေးခဲ့တယ် လေ။ အိပ်ရာဝင်တဲ့ အခါမှာ သူနဲ့ တိုင်ပင်စဉ်းစားတယ်။ မနက်ဖြန် ဘာပြောရမလဲ။ ကျွန်မ အတွေးမှာ ဘာမှ မရှိဘူး။ ကျွန်မလူမျိုးအတွက် ကျွန်မ ဘာပြောရမလဲ ဆိုတာ အမြဲတိုင်ပင်တယ်။ တစ်ခါတစ်လေ ညအိပ်မက်တဲ့ အခါကျတော့ စကားတွေ ရလာတယ်။ ဘာလုပ်ပါ၊ ဘယ်လိုလုပ်ပါဆိုတဲ့ အမြင်အတွေးတွေ ပေါ်လာတယ်”

“အသဲကင်ဆာနဲ့ ဆုံးသွားတာ။ တော်လှန်ရေးကာလမှာ မျှစ်ပြုတ်တစ်လ လုံးလုံး စားရတာတွေ၊ ငှက်ဖျားဒဏ်တွေ၊ အဲဒီဒဏ်တွေကြောင့်လည်း အများကြီးပါတာပေါ့နော်”

“လူထုကို အလုပ်အကျွေးပြုရမယ်၊ လူထု လူထု ဆိုတဲ့စကားကို သူ အမြဲပြောတယ်။ တစ်ကယ့် နိုင်ငံရေးသမား ပီပီ ဆင်းဆင်းရဲရဲပဲ နေတယ်။ စီးတဲ့ ဖိနပ်ဆိုလည်း ကြွက်ကိုက်။ အင်္ကျီ ဆိုလည်းသူများပေးတာ၊ တစ်ခါမှ သူ့ဟာသူ မဝယ်ဘူး။ ရှိတာပဲ ဝတ်တယ်။ သူကတော့ အမြဲ ပျော်ပျော်နေတတ်တယ်။ သီချင်းအမြဲ ဆိုတယ်။ မနက်မနက်ဆို ရေဒီယို နားထောင်တယ်။ တစ်ခါတစ်လေ ဘယ်သူမှ မရှိဘူးဆို ကျွန်မကိုခေါ် ပြောတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေတွေက ဒါဒါတွေ။ ဒါ ဘာလုပ်သင့်တယ် ဆိုတာဆွေးနွေးတယ်”

“(ဦးလေး ဆုံးသွားတော့) မြန်မာပြည်မာ ကယန်းပြည်သစ်ပါတီ ဥက္ကဌ အသစ်နဲ့ ပြန်လာညှိတယ်” ကယန်း အမျိုးသမီးအရေးကို ကျွန်မတို့ မလုပ်ရင် ဘယ်သူ လုပ်မလဲ။ ကျွန်မတို့ ကယန်းဆို စနစ်အရ ဖိနှိပ်မှုတွေလည်း ရှိတယ်၊ ဓလေ့ ထုံးတမ်း အစဉ်အလာ အရလည်း ဖိနှိပ်မှုတွေ ရှိတယ်” လို့ ကျွန်မပြောတော့ ခွင့်ပြုတယ်။ ကျွန်မ ထပ်ပြောတယ်။ Kayang Women Organisation ဟာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းရဲ့ အောက်မှာမှ မရှိဘူး။ သီးခြား လုပ်ထားတဲ့ အဖွဲ့အစည်းလို့။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်နိုင်မှ ဖြစ်မှာ။ ကျွန်မတို့ကို သူတို့အောက်မှာ ဝင်ဆိုရင် သူတို့ရဲ့ ပေါ်လစီအောက်မှာပဲ ရှိမှာစိုး လို့ ကျွန်မ စကားပလ္လင်ခံခဲ့တာပေါ့နော်”

ထိုင်းနိုင်ငံ မြောက်ပိုင်း ချမ်းမိုင်မြို့တွင် ခရီးသွားများအတွက်ပိုစတာတွင် လည်ပင်းကြေးကွင်းဝတ်အမျိုးသမီးများ ကြော်ငြာထားခြင်း

“တစ်ကယ်လည်း ကျွန်မတို့ ကယန်းလူမျိုးက တခြားတိုင်းရင်းသားနဲ့ စာရင် အောက်ကျ နောက်ကျ နေသေး တယ်။ တစ်ချို့ကတော့ ဘိုး၊ ဘွား၊ ဘီ၊ ဘင်တွေကတည်းက ဓလေ့ထုံးတမ်းရဲ့ ဖိနှိပ်မှုလည်း ပါတယ်။ ဥပမာ - ကြေးပတ်တဲ့ ကိစ္စတွေပေါ့”

“နိုင်ငံတကာက လူတွေက ကျွန်မတို့လူမျိုးကို human zoo လို့ ပြောတာက ကျွန်မလည်း မခံနိုင်ဘူး။ ဘာကြောင့်လဲ ဆိုရင် လူသားတိရစ္ဆာန် ဆိုရင် ဘယ်လူမျိုးမှ အဖြစ်မခံချင်ဘူး။ ဒါပေမယ့် သူတို့ရဲ့ လက်ရှိ အခြေအနေက အဲဒီလို ခံနေရတယ်။ အချို့ထိုင်းအာဏာပိုင်နဲ့ စီးပွားရေးသမားတွေက မဲဟောင်ဆောင်မှာ တဲလေးထဲမှာ ဆောက်ပြီး ထားတယ်။ စီးပွားရေး အရ လုပ်စားတာပေါ့။ ခြံကာထားတယ်။ ဝင်ကြေး ပေးရတယ်။ လစာတော့ ပေးတယ်။ လူကြီးဆို တစ်လကို ဘတ် ၁၅၀၀၊ ကလေး ဆို ဘတ် ၁၀၀၀။ ပြီးတော့ ရိက္ခာတွေရော ဆန်တွေ ပဲတွေ ရောပေးတယ်”

“သူတို့ ပြန်ချင်တယ် ဆိုပေမယ့်လည်း သူတို့က ထိုင်းအိုင်ဒီကတ် အစိမ်းတွေ တောင်ပေါ်သားကတ်တွေ ကိုင်ထားတယ်။ နောက် အဲဒီမှာ စားရေး သောက်ရေး နေရေး ထိုင်ရေး အဆင်ပြေတယ်ပေါ့။ ပညာရေး မပူရဘူး။ “ဗမာပြည်ပြန်ရင် ငါတို့မှာ စားစရာ မရှိ၊ နေစရာ မရှိဘူး။ ဘာလုပ်စားရမလဲ”ပေါ့။ သူတို့ ပြောတယ်။ ဒါလည်းဟုတ်ပါတယ်”

“ကျွန်မ မြန်မာပြည်ကို ၂၀၁၀ မှာ ပြန်ရောက်လာတယ်။ အဖွဲ့အစည်းကလည်း တဖြည်းဖြည်းနဲ့ တည်တံ့လာပြီ လေ။ အိမ်ထောင်ပြုဖို့ ကလည်း ကမ်းလှမ်းလာလို့ ပြန်လာတာ (ရယ်လျှက်)။ ပြန်လာတော့ ထဘီတစ်ကွင်းပဲ ရှိတယ်”

“အမျိုးသားက အရင်ကတည်းက သိခဲ့တယ်။ ကျောင်းသားဘဝ ကတည်းက။ စောင့်နေတာ ၉ နှစ်လောက်။ သူလဲ ကယန်း၊ ကိုယ့်လူမျိုးအချင်းချင်းဆိုတော့ ဘာမှ မပြောဘူး။ အခု ဒါလုပ်တာကိုလည်း မပိတ်ပင်ဘူး။ အားပေးတယ်”

KyWO ရုံးမှာ သူတို့ဘောလုံးပွဲတုံးက ရခဲ့တဲ့ ဖလားက ဂုဏ်ယူဝင့်ကြွားစွာနဲ့ရှိနေပါတယ်။

သူ မြန်မာပြည်ပြန်ရောက်လာတဲ့ အချိန်မှာတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ ပွင့်ပွင့်လင်းလင်း လှုပ်ရှားဖို့ မလွယ်သေးပါဘူး။ အဲဒီတော့ မအားပိုင်ဟာ KyWO ကို အာဏာရပုဂ္ဂိုလ်တွေ အသိအမှတ်ပြုအောင် လို့ နည်းလမ်းအထူးအဆန်းကို သုံးခဲ့ပါတယ်။

“ဒေသက လူကြီးတွေ၊ ကယန်းပါတီနဲ့ ဆွေးနွေးပြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲ လုပ်တယ်။ ဒါက အားကစားနဲ့ နည်းဗျုဟာ တစ်မျိုးပေါ့ နော်။ တစ်ခါမှ မလုပ်ဖူးတာကို စဉ်းစားလိုက်တာ။ အမျိုးသမီး ဘောလုံးပွဲဆို အမျိုးသားလည်း လာမှာပဲ ဆိုပြီး။ အားကစားစိတ်ဓာတ်နဲ့ ကိုယ့်လူမျိုးတွေ ပြန်နိုးကြားလာဖို့က တစ်ချက်၊ နောက် တစ်ချက်က အဲဒီ ကစားရင်းနဲ့ လာကြည့်တဲ့ လူကြီးလည်း ရှိမယ်။ အာဆီယံ စီးဂိမ်းမှာလည်း ပါရင် ပါသွားမယ်။ ဥပမာ နိုင်ငံကိုယ်စားပြု ပါသွားနိုင်မယ် ဆိုတဲ့ အချက်…”

“ကယန်းအမျိုးသမီး အစည်းအရုံး ဖလား” ဆိုပြီးတော့ နိုဝင်ဘာ ၂၀၁၂ မှာ လုပ်တယ်။ မည်သည့် အမျိုးသမီး မဆို ကိုယ့်အဖွဲ့နဲ့ကိုယ် ဖွဲ့ပါဆိုပြီး။ ကိုယ်တိုင်တော့ မကန်ဘူး။ ကလေးက တစ်လပဲ ရှိသေးတယ်”

“အမျိုးသမီး ၈သင်းလောက် ပါလာတယ် − အရမ်းတော်တဲ့ ဘောလုံးသမားတွေ ရှိတယ်။ အဲဒီမှာ ကျွန်မတို့ KYWO အလံလည်း ရဲရဲထောင်နိုင်တယ်လေ။ လိုဂိုတွေလည်း ပါးမှာကပ်။ စတစ်ကာတွေ လိုက်ဝေလိုက်တယ်။ ကန်ရင်းနဲ့ ကယန်းအမျိုးသမီး အစည်းအရုံး KYWO က ဖလားရသွားတော့ KYWO ဆိုပြီး ဘောလုံးကွင်းကြီး ကလည်း အကျယ်ကြီး ဟိန်းထွက်သွားတယ်။ နောက်ဆုံး KYWO ကို သူများအသိအမှတ်ပြုလာတယ်။ ဘယ်သူမှ လာမမေးတော့ဘူး”

“အဖွဲ့ဝင်ပေါင်း ၆၀ ကျော်ရှိပြီ။ ထပ်လျှောက်ချင်တဲ့ သူရှိတယ်”

“အခု ပြောင်းလဲ လာတာကတော့ အရမ်းမြန်တယ်။ ကျွန်မတို့ အရင်တုံးကဆို အလုပ်တစ်ခုလုပ်မယ် ဆို ဘယ်ကို ချဉ်းကပ်ရမလဲ မသိတော့ဘူး။ မသိတော့ ကယန်းပြည်သစ်ပါတီကို စာရေးတယ်။ ကျွန်မတို့ အဲဒီဒေသကို သွားချင်တယ်။ လုံခြုံရေး ယူပေးပါ။ တစ်စုံတစ်ခု ဖြစ်လာလည်း ဖြေရှင်းပေးပါ ဆိုပြီး စာရေးရတယ်။ အခုတော့ ကိုယ့်ကိုယ်ကို ခပ်တည်တည်သွားလိုက်ရင် ဘယ်သူမှ ကန့်ကွက်တဲ့သူ၊ ချုပ်ချယ်တဲ့သူ မရှိဘူး။ ကြိုဆိုတဲ့သူပဲရှိတယ်”

 

(၂၀၁၆ မေလတွင် တွေ့ခုံမေးမြန်းခဲ့ခြင်း)