အချိန်ကြာလို့ အဝါရောင်သန်းနေပြီဖြစ်တဲ့ သူလူငယ်တုန်းက ဓာတ်ပုံတွေကို စားပွဲပေါ်တင်ပြီးတော့ ဒေါက်တာ ကျော်သူလတ်ဟာ မထင်မှတ်ဘဲ စွန့်စားမှုတွေနဲ့ မတော်တဆ အပြည့်ဖြစ်ခဲ့တဲ့ သူ့ရဲ့ ဘဝပုံရိပ်တွေကို ပြန်ပြီး ဖန်တီးနေ ပါတယ်။ ဓာတ်ပုံတစ်ပုံထဲမှာ အသက်ငယ်သေးတဲ့ ဒေါက်တာကျော်သူလတ်ဟာ မြန်မာနိုင်ငံရဲ့ အင်အားအကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လည်း ဖြစ်၊ မူးယစ် ဆေးဝါး ကုန်ကူးတာမှာလည်းအကြီးမားဆုံးဖြစ်တဲ့ အလွန်တရာ လျှို့ဝှက်တဲ့ ဝ ဒေသက လူနာတွေကို ဆေးကုပေးနေတာ တွေ့ရပါတယ်။
အခြားသော ပုံတွေမှာတော့ ဒေါက်တာကျော်သူလတ်ကို ဝေးလံခေါင်ဖျားတဲ့ တောမြေလမ်းတစ်ခုမှာ မြည်းစီးနေတာ၊ နေကာမျက်မှန်နဲ့ ဆံပင်ပုံမပျက်ပဲ မော်တော်ဆိုင်ကယ် ဘေးမှာ ရပ်နေတာတွေ့ရပါတယ်။
ဓာတ်ပုံတွေထဲမှာ ပျော်ရွှင်နေတဲ့ပုံ ပေါက်နေပေမယ့် မြန်မာနိုင်ငံရဲ့ ကြမ်းတမ်းဝေးလံတဲ့ နယ်စပ်ဒေသတွေမှာ ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပေးခဲ့တဲ့ အဲဒီ အချိန်တွေကို ပြန်ပြီး တွေးကြည့်ရင် အံ့သြမှုတွေ ရယ်ချင်စိတ်တွေ ရောနွယ်နေပါတယ်။
"ကျွန်တော် ငယ်ငယ်လေးကတည်းက ဘယ်လိုပြောမလဲ ဆိုတော့ နုနုရွရွနေတာ။ နုနုရွရွနေတယ် ဆိုတော့ အဲလိုမျိုးကို ပေါ့။ ကြမ်းကြမ်းတမ်တမ်းလေး သိပ်မလုပ်ချင်ဘူး” လို့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ ကြီးပြင်းလာတဲ့ သူ့ရဲ့ ကလေးဘဝကို ပြန်တွေးရင်း ပြောပါတယ်။
ဒါပေမယ့် ဘဝက သူ ပြင်ဆင်ထားသလို ဖြစ်မလာဘူး ဆိုတာ ဆယ်စုနှစ် ၂ ခုစာ ဓာတ်ပုံတွေက သက်သေပြနေပါတယ်။
ဒေါက်တာကျော်သူလတ်ဟာ ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ အစိုးရကျန်းမာရေး ဝန်ကြီးဌာနရဲ့ ရောဂါထိန်းချုပ်ရေး အပိုင်းမှာ အလုပ် လုပ်နေတဲ့ အချိန်ပေါ့။ ဖုန်းဝင်လာတယ်။ ဝ ဒေသမှာ ကာလဝမ်းရောဂါဖြစ်နေတယ် တဲ့။
တရုတ်နိုင်ငံနဲ့ နယ်စပ်မှာရှိတဲ့ ဝဒေသဟာ ကြောက်လန့်ရတဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ လက်အောက်မှာ ရှိပြီး ဒီဝေးလံခေါင်ဖျားတဲ့ နေရာကို ရောက်ဖူးတဲ့သူ အလွန်ရှားပါတယ်။ လူဦးရေ ၆ သိန်းလောက် ရှိပြီး “အထူးဒေသ (၂)” လို့ တရားဝင် ခေါ်ပါတယ်။
ဒေါက်တာကျော်သူလတ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ချက်ချင်းပဲ တောင်ကြီးက ထွက်လာပါတယ်။ အတော်လေး ကြမ်းတမ်းတဲ့ ခရီးပါ။ မိုးတွင်းကြီးလည်းဖြစ်၊ လမ်းတွေကလည်း တော်တော့်ကို မကောင်းဘူး။
"ကား ဆိုတာက ပစ္စည်းတင်ဖို့၊ လူဆိုတာက တွန်းဖို့ သွားတာလေ” လို့ သူက ပြောပါတယ်။
ဝေးလံလွန်းတဲ့ ကျေးရွာတွေကို ရောက်ရှိဖို့ တချို့နေ့တွေမှာ မြည်း ဒါမှ မဟုတ် မြင်းနဲ့ သွားခဲ့ရတယ် တဲ့။
“တစ်ရွာကိုရောက်ပြီဆို ကျွန်တော်တို့က မနားရဘူး။ ထိုင်၊ ထိုင်ပြီးတော့ ဆေးကု” လို့ သတိတရနဲ့ ပြောပါတယ်။
ဝ ဘာသာ စကားပဲ ပြောတဲ့ ရွာတွေမှာဆို ဆက်သွယ်ရေးက အတော်လေး ဒုက္ခရောက်ပါတယ်။
“health education ပေးလို့ ရှိရင် ကျွန်နော်က ဗမာလိုပြော။ အဲဒီကနေ ရှမ်းလိုပြော။ ရှမ်းကနေပြီးတော့ လားဟူပြော။ လားဟူ ကနေ ဝ ဘာသာကို ပြန်ပြော။ အဲလို translate (ဘာသာပြန်) လုပ်ရတယ်” လို့ သူက ရှင်းပြပါတယ်။
တကိုယ်ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး မရှိတာ၊ မိလ္လာရေဆိုးနုတ်စနစ် မရှိတာ တွေကြောင့် ကာလဝမ်းရောဂါ ဖြစ်ကြောင်း သူတို့တွေ့ရှိခဲ့တယ်တဲ့။
“ကျွန်တော်တို့ ချက်ချင်းလေးကို demonstration (သရုပ်ပြ) လုပ်ပေးရတယ်။ အိမ်သာဆောက်တာတွေ ဘာတွေညာတွေ လေ။ ပျော်စရာတော့ကောင်းပါတယ်”
တနေ့မှာတော့ သူတို့ တရုတ်ပြည်နယ်စပ်အထိ ရောက်သွားပြီး ဟိုဘက်နိုင်ငံမှာ ရှိတဲ့ သူတွေနဲ့ အဆက်အသွယ် ရကြတယ်။
“သူတို့လည်း လာပြီးတော့ ကြိုကြတယ်။ သူတို့ဆီက ဆရာဝန်တွေနဲ့ ကျွန်တော်တို့ တွေ့တယ်။ တွေ့တော့ ကိုယ်တွေက ညစ်ပတ် စုတ်ပြတ်နေတယ်။ ရှက်စရာကြီး” လို့ ရယ်ပြီး ပြောပါတယ်။
ဒေါက်တာ ကျော်သူလတ်က သူ့အတွက် ဒီလိုဘဝမျိုးကို လုံးလုံးမျှော်မှန်း မထားမိပါဘူး။
သူကြီးပြင်းလာတဲ့ ဘီလင်းဟာ မြန်မာတပ်မတော်နဲ့ ကရင်လက်နက်ကိုင်တွေ မကြာခဏ တိုက်ခိုက်တာတွေ ဖြစ်ခဲ့တာမို့ သူ လူငယ်ဘဝတုန်းက “အနက်ရောင်နယ်မြေ” လို့ သတ်မှတ်ထားခံရတဲ့ နေရာပါ။
ဘီးလင်းက ဆယ်တန်းအောင်တဲ့ ကျောင်းသား လက်တစ်ဆုပ်စာထဲမှာ ပါခဲ့တဲ့ ကိုကျော်သူလတ်ဟာ ဆရာဝန်ဆိုတဲ့ အသက်မွေး ဝမ်းကျောင်းနဲ့ သူ့ရဲ့ရိုကျိုးတဲ့ နောက်ခံကို ကျော်ဖြတ်နိုင်မယ် လို့ တွေးပါတယ်။
“ဆရာဝန်ကို ကျွန်တော်ကြည့်ရတာ အထင်ကြီးတာ။ ဆရာဝန် ဖြစ်ပြီးတော့ ဆေးတွေ ကုပေးလိုက် ကောင်းသွား။ လူတွေက ဘယ်လိုပြောမလဲ respect (လေစားအားကိုးမှု) တွေ ပေးကြပေါ့ နော်။ အဲသလိုမျိုးပေါ့။ ဆရာဝန်ဆိုတော့ ဂုဏ်ရှိရှိ နေရတယ် ပေါ့နော်။ ကိုယ့် ဗမာပြည်မှာကျတော့... အဲလိုမျိုး နေချင်တာပေါ့”
ဒါပေမယ့် ဆေးကျောင်းက ဆင်းဆင်းပြီးချင်းမှာပဲ ဘဝက တမျိုးပြောင်းသွားပါတယ်။
ဘီးလင်းမြို့နားက ချောင်ကျတဲ့ ရွာလေးတစ်ရွာက ဗုဒ္ဓဘာသာဘုန်းတော်ကြီး တစ်ပါးက အကူအညီ တောင်းလာပါတယ်။ သူ့အဖေနဲ့ ရင်းနှီးတဲ့ ဘုန်းကြီးက အလွန် ဆင်းရဲတဲ့ ရွာသားတွေရဲ့ ကျန်းမာရေးကို စိတ်ပူရှာတယ်။ ရွာကလည်း ငှက်ဖျား အလွန်ပေါ။
“အကူညီတောင်းတော့၊ အဲဒီတော့ ခဏလောက်တော့ လုပ်ပေးပါ ဆိုတော့ ကျွန်တော်တို့သွားလုပ်လိုက်တာ။ ၈ နှစ် ကြာသွားတယ်” လို့ ဆိုပါတယ်။
“အခုကတော့ ၁၀ နှစ်လောက်တော့ ရှိပါပြီ။ ငြိမ်သွားတာက။ ကျွန်တော်ဘွဲ့ရတဲ့ အချိန်လောက်ထိကတော့ နည်းနည်းတော့ ကြောက်နေရတုန်းပဲ။ အမြဲ မီးဝင်ရှို့တယ်၊ ဗုံးတွေချတယ် အဲလိုမျိုးတွေ ပေါ့”
“ကျွန်တော်တို့ ဘီလင်းက အမည်းရောင် နယ်မြေ။ အရင်ကဆို ဘီးလင်းဆို သူများတွေ ကြောက်ကြပြီ။ အမည်းရောင် နယ်မြေဆိုတော့ ဆရာဝန်လည်း မရှိ၊ ဘာလည်း မရှိတော့ သေကြတာ များတယ်။ ငှက်ဖျားတွေ သေချာမကုတတ်တော့”
ရွာမှာ ၈ နှစ်ကြာသွားပြီးတော့ အစိုးရဆီမှာ အလုပ် ဝင်လိုက်ပါတယ်။ ချက်ချင်းပဲ ရှမ်းပြည်ကို တာဝန်ချခံရပါတယ်။ အဲဒီမှာ သူ့အမျိုးသမီးနဲ့ တွေ့ပြီး ဝ ခရီးအပါအဝင် စွန့်စားခန်းတွေ ဆက်လက်ခဲ့ပါတယ်။
ခက်ခက်ခဲခဲ နေရထိုင်ရတဲ့ အတွက်ကြောင့် သူ့ကျန်းမာရေး ယိုယွင်းလာပြီး နောက်ဆုံးတော့ သူ ပင်စင်ယူလိုက်ရပါတယ်။
၂၀၀၃ မှာတော့ ပီအက်စ်အိုင် လို့ခေါ်တဲ့ မြန်မာနိုင်ငံထဲမှာ ၁၉၉၅ ခုနှစ်ကတည်းက လုက်ကိုင်ခဲ့တဲ့ နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်း Population Services International ကို ဝင်ပြီး ဘီးလင်းမြို့ထဲက အဆင်းရဲဆုံးနဲ့ ဖယ်ကြဉ် အခံရဆုံး၊ လျစ်လျုရှု အခံရဆုံး ဖြစ်တဲ့ ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်နေတဲ့ သူတွေကို ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနေခဲ့ ပါတယ်။
အဲဒီဒေသမှာ အရင်ကတော့ ငှက်ဖျား အရမ်းဖြစ်ကြတာ။ များသောအားဖြင့်ကတော့ မြို့ပြင်က ရွှေတွင်းတွေမှာ နဖူးက ချွေးမြေကျ၊ ကြောပြင်ကျိုးနိုင်လောက်တဲ့ အလုပ် လုပ်တဲ့ အလုပ်သမားတွေ ဖြစ်တာပေါ့ လို့ ဒေါက်တာကျော်သူလတ်က ဆိုပါတယ်။ နောက်ပိုင်းကျတော့ ရွှေတွင်းတွေက တူးရင်း တူးရင်းနဲ့ တောင်မရှိတော့ဘူး။ အဲဒီတော့ ငှက်ဖျားလည်း ပါးသွားပြီ လို့ ဆိုပါတယ်။
ဒုက္ခအသစ်ကတော့ တီဘီလို့ ဒီဆရာဝန်က ပြောပါတယ်။ အဓိကအားဖြင့် ခုခံအားလျော့နည်းတဲ့ အတွက် ကလေးတွေဆီမှာဆို ပိုပြီး တွေ့ရတယ် လို့ ဆိုပါတယ်။
“အစတော့ တီဘီ၊ ဘာတွေလဲ ... မလုပ်ချင်ဘူး၊ မလုပ်ချင်ဘူး ဆိုက ကျွန်တော်က ကျန်းမာရေး မကောင်းတော့ ကုမလား ဘာလား... လုပ်ပြီးတဲ့ အခါကျတော့ ကိုယ့်ကြောင့်မို့ သက်သာ သွားတဲ့အခါကျတော့လေ ပီတိဖြစ်တယ်။ ပီတိဖြစ်တော့ ပိုလုပ်ပေးချင်တယ်”
“ကိုယ့်ရဲ့ body resistance ကောင်းတယ် ဆိုလို့ရှိရင်တော့ ကိုယ့်ဆီဝင်လာပေမယ့် ကိုယ်က ခံနိုင်ရည် ရှိတယ်လေ။ ဒီကလူတွေက... ဆင်းရဲတဲ့ လူတွေလည်း နည်းနည်းများတယ် လေ။ အဲတော့ စားသောက်ရေးက အာဟာရပြည့်အောင် မစားသောက်နိုင်ဘူး။ နောက်ပြီးတော့ သွားတာ လာတာလည်း လူကြားထဲကို သွားရတာများတယ်။ လူတွေနဲ့ အများကြီး ဆက်ဆံရတာ များတယ်”
“ဥပမာ စျေးရောင်းတဲ့သူ တစ်ယေက်က တီဘီ ဖြစ်နေတယ်။ သူ့စားဝတ်နေရေး အတွက်က လာပြီးတော့ လုပ်ရတာပဲ။ လုပ်ရတဲ့ အခါကျလို့ ရှိရင် ချောင်းဆိုးတိုင်း၊ စကားပြောတိုင်း ပိုးတွေးက ထွက်နေတာပဲလေ။ သူတို့ဆီက ပြန်ပါလာတဲ့ ပိုးတွေကျတော့ ကလေးတွေကို ကူးဖို့ လွယ်တယ်လေ”
အလုပ်က တစ်ခါတလေ ကျေးဇူးတင် မခံရတဲ့ အပြင် အတော်ခေါင်းကိုက်ရတယ်။
“ဒီက ဘီးလင်းက လူတွေက မြို့က လူတွေလို မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မထားဘူး။ တန်းဖိုး မထားဘူး ဆိုတာက သူတို့ သက်သာတဲ့ သူဆီမှာ ရမ်းကုတယ်။ တီဘီဆေးက ၆ လ သောက်ရတယ်လေ။ ၆ လ သောက်ရတယ် ဆိုတာ နည်းနည်းသက်သာတယ် ဆိုတာနဲ့ သူတို့က မသောက်ချင်ကြတော့ဘူး”
ဒေါက်တာ ကျော်သူလတ်ဟာ လူနာတွေ သူ့ဆီကို မှန်မှန်လာဖို့ ချော့မော့ဖျောင့်ဖျ နားချပေးတဲ့ စေတနာ့ဝန်ထမ်း နှစ်ဒါဇင် လောက်ကို အားကိုးရပါတယ်။
“မသောက်ချင်ကြတော့ဘူး ဆို အဲဒါဆို ကျွန်တော်က ဖုန်းနံပါတ်တွေယူ။ ကျွန်တော့် တပည့်ကို ဆိုင်ကယ်နဲ့ လွှတ်။ နှစ်လ ပြည့်ပြီဆို ကျွန်တော်တို့က သလိပ်စစ်၊ ပေါင်ချိန် သူရဲ့ improvement (ကျန်းမာရေး တိုးတက်မှု) ကို ကြည့်ရတာလေ။ သူတို့ သက်သာသွားပြီဆို မလာကြဘူး။ အကုန်လုံးကို လိုက်ရတယ်”
မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေတဲ့ ကျန်းမာရေး အခြေခံ အဆောက်အဦတွေကလည်း အတားအဆီးတွေ ပိုလို့ပေးပါတယ်။
တီဘီလူနာတွေဟာ ရင်ဘတ် X-ray ရိုက်ရပါတယ်။ ဘီးလင်းဆေးရုံမှာ X-ray စက် ရှိပေမယ့် ရိုက်ပေးမယ့်သူက ဆုံးသွားတာ ၁ နှစ် ရှိပြီး ဖြစ်ပြီး သူ့နေရာကို ပြန်လည် နေရာချထားခြင်း မရှိသေးဘူးလို့ ဒေါက်တာကျော်သူလတ်က ဆိုပါတယ်။
အဝေးမှာရှိတဲ့ ဆေးရုံတွေဆီ သွားရင်တောင်မှ မီးပျက်နေရင် စက်တွေက သုံးမရတော့တာမျိုးတွေ လူနာတွေ မကြာခဏ ကြုံရပါတယ်။ အဲဒါမျိုးဆိုရင် လူနာတွေက နောက်တစ်ခေါက်ထပ်ပြီး မလာတော့ဘူး လို့ ဒေါက်တာကျော်သူလတ်က ပြောပါတယ်။
ဒီလို စိန်ခေါ်မှုတွေ ရှိနေပေမယ့် သူ့ရဲ့ တစ်ပတ် ရ ရက် ကုသပေးတဲ့ ဆေးခန်းအချိန်ကို လျော့ဖို့ သူ မတွေးမိပါဘူး။
“ကလေးတွေက ရောက်လာတာနဲ့ ပိန်ပိန်လိန်လိန်လေးနဲ့ ခွေခွေခေါက်ခေါက်နဲ့ မှိန်းမှိန်းနဲ့။ နောက်တစ်ခေါက်လာရင် လန်းလန်းဆန်းဆန်း ဆော့တာတို့ ဘာတို့...၊ ‘ဟာ... ပြောမနိုင်တော့ဘူး ဆရာရေ။ ဆရာ့ သမီးကတော့ အဲလိုမျိုးတွေ’ လို့ ပြောလာတော့ ကျွန်တော် တအားဝမ်းသာတယ်။
(၂၀၁၆ ဒီဇင်ဘာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)