ပြင်ဦးလွင်မှ မြင်းလှည်းများ

ပြင်ဦးလွင်မှ မြင်းလှည်းများ

ပြင်ဦးလွင်၊ မန္တလေးတိုင်း

ဦးဘာဘူရဲ့ ကောင်းဘွိုင်ဦးထုပ်အဖြူဟာ မနက်ခင်းနေရောင်အောက်မှာ တလက်လက် ဖြစ်နေပါတယ်။ သူ့ လက်ထဲမှာတော့ မြင်းထိန်း ဇက်ကြိုးကို ကိုင်ထားပြီး၊ ကိုယ်ခန္ဓာ ကတော့ မြင်းလှည်းပေါ်မှာ။ ဧည့်သည်ကို အေးအေး ဆေးဆေး စောင့်မျှော်နေတဲ့ ပုံစံပါပဲ။ 

အသက် ၅၆ နှစ် ရှိပြီဖြစ်တဲ့ ဦးဘာဘူဟာ ပြည်ဦးလွင်ကို လာလည်တဲ့ ဧည့်သည်တွေကို မြင်းလှည်းမောင်းပြီး လိုက်ပို့နေတာ သူဆယ်ကျော်သက် ဘဝ ကတည်းက ပါ။ ဒီအလုပ် လုပ်ရတာ စားဝတ်နေရေးတွက် တနေ့တခြား ပိုပြီး ခက်ခဲလာပေမယ့် တခြားနည်းနဲ့ အသက်မွေး ဝမ်းကျောင်း ပြုဖို့ သူ မစဉ်းစားမိပါဘူး။ 

ဦးဘာဘူရဲ့ မြင်းလှည်းလေးဟာ ပုံပြင်ထဲက မြင်းလှည်းတွေလိုပါပဲ။ လိပ်ပြာပုံနဲ့ အနောက်ပိုင်း နိုင်ငံတွေက ရဲအရာရှိတွေ ကိုင်ဆောင်လေ့ ရှိတဲ့ အမှတ်တံဆိပ်တွေကို လှည်းကိုယ်ပေါ်မှာ ကြေးပြားလေးတွေနဲ့ ကပ်ထားပြီး ညမှာဆို ရောင်စုံ မီးလေးတွေ ဖွင့်လို့ ရပါတယ်။ ကြည့်ရုံနဲ့ ပျော်ရှင်စရာပါ။ သူ့မြင်းလှည်း လာပြီဆိုရင် စည်းချက်ကျကျ မြင်းခွဲသံ တခွပ်ခွပ်ကြားမှာ ပေါ်လွင်လာတဲ့ မြင်းခြူသံ တခြွင်ခြွင်ကို ခပ်လှမ်းလှမ်းကတောင် ကြားနေကြရ မှာပါ။ 

ပြင်ဦးလွင်က မြင်းလှည်းတွေရဲ့ အစဟာ ဗြိတိသျှကိုလိုနီခေတ်ဦး ကတည်းကလို့ ဆိုပါတယ်။ မန္တလေးရဲ့ နွေရာသီ အပူဒဏ်ကို ရှောင်ခြားဖို့ ဗြိတိသျှ အရာရှိတွေဟာ ဒီအေးချမ်းသာယာတဲ့ မြို့ကလေးကို လာရောက်နေထိုင်ကြပါ သတဲ့။ သာယာအေးချမ်းတဲ့ ဒီမြို့လေးကို အလွန် သဘောကျရာကနေ စတာလို့ ဆိုရမှာ ပေါ့။ ပြောရမယ် ဆိုရင် အခုအချိန်အထိ ပြင်ဦးလွင်ရဲ့ အရင်နံမယ် ‘မေမြို့’ ကို အခုထိ နှုတ်ကျိုးပြီး ခေါ်နေကြသူ အများအပြား ရှိနေဆဲပါ။ မေမြို့ဆိုတဲ့ နံမယ်ကတော့ အရင်ဒီမှာ စခန်းချသွားတဲ့ ဗြိတိသျှဗိုလ်ကြီးမေကို အစွဲပြုပြီး ပေးခဲ့တဲ့ နာမည်ပါ။ 

မြန်မာနိုင်ငံက ရှေးရုပ်ရှင်၊ သီချင်းနဲ့ ဝတ္ထုတွေထဲမှာ တွေ့နေကြ၊ ဆိုနေကြ၊ ဖတ်နေကြ မြင်ကွင်းကတော့ မေမြို့က မြူတွေကြားက ထွက်ပေါ်လာပြီး ရွရွကလေး ပြေးနေတဲ့ မြင်းတွေ ပါပဲ။ 

မော်တော်ဆိုင်ကယ်နဲ့ ကားတွေ အများအပြား ပေါ်လာပြီးတဲ့နောက်မှာတော့ ဒီလို မြင်းကိုအသုံးပြုတဲ့ သယ်ယူ ပို့ဆောင်ရေးဟာ နည်းပါး တိမ်မြုပ်ပျောက်ကွယ်သွား သလောက်ပါပဲ။ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ဘဝ အသစ်ကြောင့်သာ လုံးလုံးမပျောက်ပျယ်သွားတာပါ။ ဒါပေမယ့် မြင်းလှည်းမောင်းသမားတွေအတွက်တော့ မြင်းကို ကြည့်ရှုစောင့်ရှောက်ရတဲ့ စရိတ်ဟာ အလွန်ပဲကြီးမားပါတယ်။ ဦးဘာဘူကတော့ မြင်းလှည်းတွေဟာ အနာဂတ်မှာလိုအပ်သေးမှာလို့ အကောင်းဘက်ကတွေးနေပါတယ်။  

မြင်းလှည်းပေါ်က လိပ်ပြာပုံ ကြေးပြားလေး

“(ဦးလေး)မြင်းလှည်း မောင်းနေတာ ကြာလှပြီ။ နှစ်ပေါင်း လေးဆယ်ကျော်ပြီ ပေါ့။ တစ်ကျပ်ခေတ် ကတည်းက။ (အဲဒီတုန်းကနဲ့ ယှဉ်ရင်) မြင်းလှည်းတွေ တအား နည်းသွားပြီ။ ၃ ပုံ ၁ ပုံလောက်ပဲ ရှိတော့တယ်” လို့ ဆိုပါတယ်။ မြင်းလှည်းတွေနည်းသွားတာဟာ မြင်းရဲ့စရိတ်စကကြီးလို့ လို့ရှင်းပြပါတယ်။  

“မြင်းတစ်ကောင် အတွက် ကြည့်ရှုပေးဖို့ အများကြီး ဝေရာဝစ္စကများတယ်လေ။ ကားနဲ့မတူဘူးလေ။ သိပ်ခိုင်းလို့မရဘူး။ လိုတာထက် ပိုလို့မရဘူး။ ကားကျတော့ ဘယ်လောက်မောင်းမောင်း မောင်းလို့ရတယ်” 

“မိုးတွင်းမှာတော့ မြင်းလှည်းသမားတွေ ဒုက္ခရောက်ကြတယ်။ အခု အောက်တိုဘာ ဆိုတော့ စပြီးစည်တော့မယ်။ နွေတစ်နွေလုံး စည်တယ်။ မိုးတွင်းကျ ပါးသွားတယ်။ ခြောက်လလောက်တော့ ဒုက္ခရောက်တယ်” 

“အရင်တုန်းက လှည်းရောမြင်းရော ၁၈၀ဝ နဲ့ဝယ်ထားတာ။ အခု လှည်းချည်းပဲ သိန်း၂၀ပေးတယ်။ မရောင်းနိုင်ဘူး” 

“ဒီပုံစံလေးက နောက်မှ ပြန်လုပ်တာ။ တစ်နှစ်ကျော်လေး ရှိပါသေးတယ်။ လူတွေ သဘောကျ ကြတယ်။ မိုးမရွာရင် ညနေပိုင်းကြတော့ အမိုးဖြုတ်လိုက်လို့ရတယ်”

“အရင်တုန်းက ၄၊ ၅ စီးရှိတယ်။ ဒီမှာ လုပ်မယ့်သူမရှိလို့ ရောင်းလိုက်တာ။ တစ်စီးပဲ ချန်လိုက်တာ”

“ကျွန်တော် အပြင်းပြေမောင်းမယ်လို့။ သားကပါ မောင်းချင်တယ်။ သူ့မှာ သုံးဘီးရှိတယ်။ သုံးဘီးဆိုတာ ဆိုင်ကယ်နဲ့ နောက်ဖက်ကအတွဲနဲ့။ ဒါပေမယ့် သုံးဘီးကသိပ်ပြီးအလုပ်မဖြစ်တော့ဘူး။ ကားတွေကများသွားတော့။ သုံးဘီးထက်စာရင် (မြင်းလှည်း) ကရှေ့ရှောက်ပိုပြီးအလုပ်ဖြစ်မယ်။ တိုးရစ်တွေနဲ့လေ” 

ဦးဘာဘူ၏ မြင်း မိုးကျော်

“မေမြို့က မြင်းလှည်းမရှိရင် မေမြို့မဟုတ်တော့ဘူး။ တခြားနေရာမှာ မရှိဘူးလေ”

 “မြင်းနှစ်ကောင်ရှိတယ်။ ဒီမြင်းက ၂နှစ်သားပဲရှိသေးတယ်။ သူ့နံမယ်က မိုးကျော်တဲ့။ အခုတော့ မလှသေးဘူး။ ငယ်သေးတယ်။ အမွေးတွေလည်း ရိတ်ထားတယ် လေ။ ပူတယ်လေ။ အမွေးရှည်ရင် ချွှေးထွက်တယ်။ အမွေးရှည်လို့ ချွေးမခြောက်ရင် အအေးပတ်တယ်” 

 “(မြင်းတွေကို) တဖြေးဖြေးနဲ့ ချစ်လာတယ်။ အိမ်ကသားက ပြောတယ်။ မလုပ်နဲ့တော့ တဲ့။ ဒါပေမယ့် မြင်းမရှိရင် မနေတတ်ဘူး။ မြင်းနဲ့ ခွေးနဲ့ရှိမှ။ မရှိရင် ဟာတာတာကြီး”


 
(၂၀၁၆ အောက်တိုဘာ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)