ဦးဖီးလစ်ပ်ဒီစင်လဗာ ဟာ သူ့ရဲ့ ထူးထူးခြားခြား နံမယ်ကို ရေးရာမှာ မမှားရအောင် ကျွန်မတို့ကို သေသေချာချာ စာလုံးပေါင်းပြပါတယ်။ ဒီနံမယ်ဟာ ပေါ်တူဂီနိင်ငံကနေ ရောက်လာတဲ့ သင်္ဘောသား ဖြစ်တဲ့ သူ့ရဲ့ အဘိုးရဲ့ အဘိုးဆီက အမွေရထားတာပါ။ သူ မွေးဖွားကြီးပြင်းလာတဲ့ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းပေါ်က မြိတ်မြို့ကလေးမှာတော့ ပျော်ပျော်နေတတ်တဲ့ ကျောင်းဆရာဟောင်း ဖြစ်တဲ့ သူ့ကို ဥရောပ အမည်အရ သိတဲ့သူ အတော်ရှားပါတယ်။
“ဒီမှာတော့ ကျွန်တော့်ကို တင်ထွန်းအောင်လို့ပဲ သိကြတယ်။ အရမ်းရင်းနှီးသူ တစ်ချို့ကပဲ ဖီးလစ်လို့သိတယ်” လို့ အသက် ရ၁ နှစ် ရှိပြီ ဖြစ်တဲ့ သူဟာ ဆောင်းတွင်းနေကျနေတဲ့ ထိုင်ခုံနောက်ကျောကို မှီပြီး ဆိုပါတယ်။
ခရစ်ယာန်မိခင်၊ ဗုဒ္ဓဘာသာဖခင် ကြားကြီးပြင်းလာပြီး အစ္စလာမ်ဘာသာဝင် အမျိုးသမီးနဲ့ အိမ်ထောင်ကျခဲ့တဲ့ ဦးဖီးလစ်ပ်ရဲ့ မိသားစုဟာ ခေတ်သစ်မြန်မာနိုင်ငံရဲ့ လူနေမှုအတွင်းက ပုံစံမျိုးစုံ၊ အရောင်မျိုးစုံ ရှိတဲ့ အချည်အမျှင်တွေ၊ မတူခြားနားတဲ့ ကိုးကွယ်ယုံကြည်မှုကိုလည်း ကိုယ်စားပြုနေသလိုပါပဲ။
“ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် နားလည်ကြတယ်။ ကျွန်တော့် ဘာသာရေး ထုံးတမ်းတွေကို သူတို့က ကူညီပေး လုပ်ပေးတယ်။ သူတို့ရဲ့ ဘာသာရေး ထုံးတမ်းတွေ သူတို့ လုပ်တာ ကျွန်တော်ဘာမှ မပြောဘူး” လို့ ကက်သလစ်ခရစ်ယာန်ဖြစ်တဲ့ ဦးဖီးလစ်ပ်ဟာ ဘုန်းတော်ကြီးကျောင်းမှာ သူတတ်လာတဲ့ အင်္ဂလိပ်ဘာသာ စကားနဲ့ ပြောပြပါတယ်။
မကြာခင်နှစ်တွေက ဘာသာမတူသူ အချင်းချင်း ဆက်ဆံရေး ဆိုးရွားလာတာကို ကြုံတွေ့နေရတဲ့ ဗုဒ္ဓဘာသာအများစု နေထိုင်တဲ့ မြန်မာနိုင်ငံအတွက် သူတို့မိသားစုရဲ့ ဘာသာပေါင်းစုံ သဟဇာတဖြစ်အောင် ကျွမ်းကျင်စွာ နေနိုင်တာဟာ အသုံးဝင်နိုင်တယ် လို့ ရယ်မောစရာ စကားတွေနဲ့ ပြောပြပါတယ်။
“ကျွန်တော်ကတော့ အခက်အခဲမရှိပါဘူး။ အခုဆို အစိုးရကတောင် ကွဲပြားခြားနားတဲ့ ဘာသာတွေရဲ့ ခေါင်းဆောင်တွေ ပါတဲ့ အဖွဲ့တစ်ခု (ဖွဲ့ဖို့) ကြိုးစားနေတယ်။ အဲဒီမှာ ကျွန်တော် အကြံပေး ဖြစ်သင့်တယ် လို့ ထင်တယ်” လို့ ရယ်ရယ် မောမောနဲ့ ပြောပါတယ်။
အရင်က မြန်မာနိင်ငံကို ကြီးစိုးခဲ့တဲ့ စစ်အာဏာပိုင်တွေဟာ နိုင်ငံကို အထီးကျန်စေရုံတင်မကပဲ လူမျိုးအချင်းချင်း မုန်းတီး သံသယ ဖြစ်အောင်လည်း စနစ်တကျ လုပ်ဆောင်ခဲ့ပါတယ်။ “ပြည်ပနိုင်ငံခြားသား” တွေရဲ့ အနှောင့်အယှက်ကနေ ကင်းလွတ်ဖို့ ဆိုတဲ့ ဇာတ်ကြောင်းကို သုံးပြီးတော့ပေါ့။
ဦးဖီးလစ်ပ်ကတော့ ဒီလို ဥပါဒန်စွဲလမ်းတာတွေကို ဂရုမပြုပါဘူး။
“ဒါဟာ ကျွန်တော်တို့ရဲ့ မွေးရာဇာတိမြေပါ။ ကျွန်တော့်ကို ဒီမှာမွေးတာပါ။ နိုင်ငံခြားသားလို့ ကိုယ့်ကိုယ်ကို မမြင်ဘူး။ ဒီမှာ မွေး၊ ဒီမှာကြီးပြီး ဒီမှာပဲ နေခဲ့တာကိုး။ ပြီးတော့ ကျွန်တော့်မှာ ဗမာစိတ်နေသဘောထား ရှိတယ်။ ဒီကလူတွေကို ချစ်တယ်။ စိုးမိုးသူတွေကိုသာ မကြိုက်တာ” လို့ဆိုပါတယ်။
အိန္ဒိယနိုင်ငံက ဂိုအာမြို့ကို မလက္ကာရေလက်ကြားက အကျိုးအမြတ်များတဲ့ ကုန်သွယ်သင်္ဘောလမ်းကြောင်းတွေကို သိမ်းပိုင်းပြီး နောက်မှာ ပေါ်တူဂီနိုင်ငံက သင်္ဘောသားတွေ၊ ကြေးစားတွေနဲ့ ဟင်းခတ်အမွှေးအကြိုင် ကုန်သည်တွေဟာ ဒေသတစ်ဝိုက်ကို ပြန့်နှံ့ ရောက်ရှိခဲ့ပြီး ၁၄ ရာစုနှစ် အစပိုင်းမှာ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာကြပါတယ်။
သူတို့တွေထဲက အများအပြားဟာ အခုတော့ ဗမာလို့ သိထားပြီး အရင်တုန်းကတော့ ရှေးဟောင်းနိုင်ငံတွေဖြစ်တဲ့ အလယ်ပိုင်းဒေသက ပဲခူးတို့၊ တောင်ငူတို့က စပြီး အနောက်ပိုင်းဒေသက ရခိုင်အထိ* အုပ်စိုးနေတဲ့ ဘုရင်တွေရဲ့ ကြေးစား စစ်သားတွေ အဖြစ် အလုပ် လုပ်ကြပါတယ်။ ဒီစစ်သားတွေဟာ လူမျိုးပေါင်းစုံတဲ့ နန်းတွင်းထဲမှာ အဓိကရ ပုဂ္ဂိုလ်တွေ ဖြစ်လာပြီး courts မြန်မာနိုင်ငံမှာလည်း ကက်သလစ် ဘာသာကို မိတ်ဆက်ပေးခဲ့ပါတယ်။
ဦးဖီးလစ်ပ်ဟာ သူ့အဘိုးရဲ့ အဘိုးကို တစ်ခါမှ မတွေ့မြင်ခဲ့ သလို ဒဏ္ဍာရီကနေ သမိုင်းကို တွက်ချက်ခန့်မှန်းဖို့လည်း ဖြစ်နိုင်ခြေတွေ၊ ဖြစ်ခဲ့တာတွေနဲ့ အထောက်အထားများကို ရှာဖွေ စဉ်းစားရပါတယ်။ ဘာသာတရား အမွေပေးခဲ့တဲ့ ပေါ်တူဂီမျိုးဆက်ရဲ့ သမိုင်းအသေးစိတ်ဟာ အခုတော့ ပျောက်သွားခဲ့ပါပြီ။
“သူတို့ ပင်လယ်ကနေ လာတယ်လို့ ကျွန်တော်ထင်တယ်။ ရွက်လွှင့်လာပြီးတော့မှာ ဒီကို မတော်တဆ ရောက်လာတာ နေမှာပေါ့။ စပိန်နိုင်ငံသားတွေနဲ့ ပေါ်တူဂီနိုင်ငံသားတွေက အရမ်း ကျွမ်းကျင်တဲ့ သင်္ဘောသားတွေလို့ ကျွန်တော်တို့ သမိုင်းက ဆိုတယ်” လို့ ပြောပါတယ်။
သူ့ဘဝကို ဖြစ်စဉ်တခု၊ သမိုင်း တခုနဲ့ ချည်နှောင် ပြည့်စုံနိုင်ဖို့ အတွက် ကျောက်ဆူးတစ်ခု သို့မဟုတ် ခိုင်မာတဲ့ အထောက်အထားကို လိုလားနေပါတယ်။
မြန်မာနိင်ငံရဲ့ ပိတ်ပင်မှုတွေ ပြီးဆုံးသွားတဲ့နောက် မြိတ်ကို နိုင်ငံခြားသားတွေ လာလည်တာ ပိုပြီး စိပ်လာသလို ဦးဖီးလစ်ပ်ဟာ သူနဲ့ ကြုံသမျှ ခရီးသွားတွေကို သူ့အမည်နဲ့ တူတဲ့ လူတွေကို သိလားလို့ မေးတတ်ပါတယ်။
“ဒီကို လာတဲ့သူတွေကို ဒီစင်လဗာ သူငယ်ချင်းတွေ ရှိလားလို့ မေးဖို့ ကြိုးစာတယ်။ ရှိလို့ရှိရင် သူတို့က ကျွန်တော့ကို မသိ၊ ကျွန်တော်က သူတို့ကို မသိ၊ ဒါပေမယ့်လည်း ကျွန်တော့် ဘိုးဘေးတွေနဲ့ အဆက်အသွယ်ရချင်လို့”
ဦးဖီးလစ်ပ်ဟာ သူ့ မိဘတွေနဲ့လည်း အချိန်အများကြီး မနေခဲ့ရပါဘူး။ ဘာလို့လဲ ဆိုတော့ သူ့ အသက် ၆ နှစ်မှာပဲ မော်လမြိုင်မှာ ရှိတဲ့ စိန့်ပက်ထရစ် ကက်သလစ် ဘော်ဒါကျောင်းကို ပို့ခံလိုက်ရလို့ပါ။
“အိမ်ကို တစ်နှစ်တစ်ခေါက်ပဲ ပြန်ခွင့်ရတယ်” လို့ ဆိုပါတယ်။ သူ့ကျောင်းလခ လုံလောက်အောင် သူ့မိဘတွေဟာ ဦးဖီးလစ်ပ် အဖေရဲ့ ဆေးကွန်ပေါင်ဒါလခကို ချိုးခြံစုဆောင်းခဲ့တာပါ။
ပထမပိုင်းမှာတော့ မိသားစုဆီကနေ ဒီလို ခွဲထုတ်လိုက်ခဲ့ရတာဟာ ဦးဖီးလစ်ပ် အတွက် အလွန်ပဲ စိတ်ထိခိုက်စရာပါ။
“မအိပ်ခင် ကျွန်တော်တို့တွေ ငိုကြတယ်။ ကျွန်တော်တို့ အမေတွေကို လွမ်းလွန်းလို့။ ကျွန်တော့အရွယ် ကလေးတွေ၊ အုပ်စုဖွဲပြီး ငိုကြတာ တစ်လလောက်ကြာတယ်။ နောက်ပိုင်းတော့ နေသားကျသွားတယ်”
“ဘော်ဒါကျောင်းမှာ ကျွန်တော်တို့တွေက ညီအစ်ကိုတွေလိုပဲ။ အခုတောင်မှ ပြန်တွေ့ရင် ညီအစ်ကိုတွေ အတိုင်းပဲ။ ကျွန်တော်တို့တွေ ကလေးဘဝတုန်းက သိပ်ပြီး ပြဿနာ မရှာ၊ ဒုက္ခ မရောက်ကြပါဘူး။ ကလေးအချင်းချင်း ရန်ဖြစ်တာ၊ အငြင်းပွားတာ တစ်ခါတစ်လေ ဖြစ်တယ်။ ဒါပေမယ့် ပြီးရင် ဒီဘော်ဒါကျောင်းက သူငယ်ချင်းက လွဲလို့ တခြား စကားပြောစရာ ဘယ်သူမှ မရှိတော့ ပြန်တည့်ကြတာပါပဲ။ ဒီနေ့ ရန်ဖြစ်၊ နောက်နေ့ သူငယ်ချင်းပြန်ဖြစ်။ မိသားစုလိုပဲ”
တင်းကျပ်တဲ့ လုပ်ရိုးလုပ်စဉ်ကိုတောင် သူ အကျင့်ရသွားတာ ဘယ်လောက်ကြာလဲ ဆိုတော့ နှစ် ၆၀ ကြာပြီးတဲ့ အထိ သူ့ နေ့စဉ် လုပ်နေကျတွေကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေပါသေးတယ်။
“မနက် ၅ နာရီခွဲ၊ မိုးသည်းတဲ့ နေ့တွေကို အိပ်ရာက ထဖို့ အတော်ခက်တာ။ ဒါပေမယ့် ထ၊ ရေချိုး၊ ပြီးတော့ ဘုရားကျောင်း သွားရတယ်။ ဘုရားကျောင်းက ဘော်ဒါကျောင်းရဲ့ ဘေးမှာပဲ။ ပြီးတော့ မနက်စာ စား။ ပြီးရင်ကျောင်းသွား။ ကျောင်းပြီးရင် နေ့ထဲမှာ တစ်နာရီကစား၊ တစ်နာရီ စာကျက်။ ညနေကျရင် ၂ နာရီကစား။ ၅ နာရီခွဲမှာ ရေချိုး။ ၆ နာရီကနေ ရ နာရီ စာကျက်။ ရ နာရီမှာ ညစာစား။ ရ နာရီခွဲမှာ နာရီဝက်ကစား။ ၈ နာရီဆိုရင် အိပ်ရာဝင်ရပြီ”
ဦးဖီးလစ်ပ်ဟာ ဆရာဝန်ဖြစ်ချင်ခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ တင်းကျပ်တဲ့ ပညာရေးစနစ်ကြောင့် ပါဏဗေဒဘာသာရပ်ဆီ ရောက်သွားခဲ့ ပါတယ်။ ကျောင်းပြီးသွားပြီးတဲ့ နောက်မှာ မုဆိုးမဖြစ် နေတဲ့ အမေနဲ့ နီးရအောင်ဆိုပြီး မြိတ်ကို ပြန်ပြောင်း လာခဲ့ပါတယ်။ မြို့က ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်နဲ့ ဇီဝဗေဒ သင်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။
၁၉၆၀ ခုနှစ် အစပိုင်းမှာ စစ်အစိုးရက မြန်မာနိုင်ငံက ကျောင်းတွေ အကုန်လုံးကို ပြည်သူပိုင်သိမ်းလိုက်ပြီးတဲ့ နောက်ပိုင်းမှာ တော့ အရင်းအမြစ်တွေ ပိုပိုပြီးနည်းပါးလာပြီး ကျောင်းတွေရဲ့ စံချိန်စံညွှန်းတွေဟာလည်း စတင် ယိုယွင်းလာခဲ့ပါတယ်။
ဒါပေမယ့် ငယ်ငယ်ဘဝမှာ သူ့ကို သင်ကြားပေးခဲ့တဲ့ မစ်ရှင်နရီ ဆရာတွေရဲ့ အားပေးမှုကို ပြန်တွေးပြီး အားယူပါတယ်။
“ဘာရာသာ (Brother) တွေ အကုန်လုံးက ကျွန်တော့ကို စိတ်ဝင်စားမှုပေးတယ်။ သူတို့တွေက ကောင်းတယ်၊ တိကျတယ်၊ ရိုးရှင်းတယ်။ ကျွန်တော်သူတို့ကို သဘောကျတယ်။ တချို့ ကျောင်းသားတွေက စည်းကမ်းတင်းတာကို မကြိုက်ပေမယ့် ကျွန်တော်ကတော့ စည်းကမ်းတင်းတဲ့ ဆရာတွေကို ကြိုက်တယ်။ ဒီဘာရာသာတွေရဲ့ ကျေးဇူးကြောင့် အခုအချိန်အထိ ကျွန်တော် ဆေးလိပ်မသောက်ဘူး”
“ကျောင်းသားတွေကို သင်ပေးရတာကို ကျွန်တော်ကြိုက်တယ်။ ဘဝမှာ သူတို့ ကြီးပွားသွားရင် ကျွန်တော်ပျော်တယ်။ ကျွန်တော့် တပည့်တော်တော်များများက အခုဆို ဆရာဝန်၊ အရာရှိကြီးတွေ။ တစ်ခါတစ်လေ သူတို့လာပြီး ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြတယ်” လို့ ဦးဖီးလစ်ပ်က ဆိုပါတယ်။
မြန်မာနိုင်ငံ အခြားတစ်နေရာက ကျောင်းတစ်ကျောင်းမှာ တာဝန်ကျတဲ့ အခါမှာတော့ မိသားစုနဲ့ မဝေးရအောင် အလုပ်က ထွက်ပြီး ပုဂ္ဂလိက နည်းပြဆရာ အဖြစ် အလုပ် လုပ်ခဲ့ပါတယ်။ သူနဲ့ ရှေ့နေ သူ့အမျိုးသမီးနဲ့မှာ သားသမီး ၉ ယောက် ထွန်းကားခဲ့ပြီး သားသမီးအများစုက အမေရဲ့ဘာသာနောက်ကို လိုက်တာကို ဦးဖီးလစ်ပ်က မမှုပါဘူး။ ပိုပြီး အရေးကြီးတာ ကတော့ စိန့်ပက်ထရစ်ကျောင်းက ဘရာသာတွေရဲ့ တိကျတဲ့ အမူအကျင့် စံချိန်စံညွှန်းတွေကို လိုက်နာဖို့ပါပဲ လို့ ဦးဖီးလစ်ပ်က ဆိုပါတယ်။
“သူတို့တွေ လူကောင်းတွေ ဖြစ်စေချင်တယ်၊ စာကြိုးစား၊ အလုပ်ကြိုးစားပြီး အရာအားလုံးမှာ ရိုးသားတဲ့ သူတွေ ဖြစ်စေချင်တယ်”
* ပေါ်တူဂီလူမျိုးတွေရဲ့ သြဇာလွှမ်းမိုးမှုနဲ့ မြန်မာသမိုင်း အကြောင်းကို သိလိုပါက ဦးသန့်မြင့်ဦး၏ “The River of Lost Footsteps” ကို ဖတ်ပါ။
(နိုဝင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့သည်။)