အင်းစိန်က ထမင်း အဆင်းအရဲများ

အင်းစိန်က ထမင်း အဆင်းအရဲများ

ရန်ကုန်

စာရေးသူသည် ရန်ကုန်အခြေစိုက်ခဲ့သော အလွတ်သတင်းထောက် တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကို သတင်းရေးသားတင်ပြမှုကြောင့် ထောင်ကျခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါသည်။ ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။
++++++++++++++++++++++++++
သတင်းသမားတစ်ယောက်အဖြစ် ၁၄ နှစ်တာကာလဖြတ်သန်းခဲ့ပြီးတဲ့ကျမအတွက် အာဏာသိမ်းပြီးကာလရဲ့ အတွေ့အကြုံတွေထဲက အင်းစိန်ထောင်တွင်းမှာ အချုပ်သူ ဘဝနဲ့ရော အကျဉ်းသူ အဖြစ်နဲ့ပါ နေခဲ့ရတဲ့ ကျမရဲ့ တစ်နှစ်ကျော်ကြာ ကာလအတွင်း မေ့မရတဲ့ အတွေ့အကြုံတွေထဲက တစ်ခု ကတော့ ဝက်သားဟင်းတစ်နပ်စားခဲ့ရတဲ့အကြောင်းပဲ...

အင်းစိန်ထောင်ကို ကျမ ရောက်ခါစ မှတ်မှတ်ရရ နှစ်ရက်မြောက်နေ့ ညနေပိုင်း ကျွေးမွေးတဲ့ ဟင်းက အသားဟင်း (ဝက်သားဟင်း) ပါ။ အသားမစားသူတွေကတော့ ငါးကြော်ပေါ့။ ဘာကြောင့်ဆိုရင် စစ်ကြေားရေးနဲ့ ရဲစခန်းမှာ တလခွဲကျော်ကြာ ဖြတ်သန်းခဲ့ရပြီး အစားအသောက် ကောင်းကောင်းမွန်မွန် မစားခဲ့ရတဲ့ ကျမအတွက်တော့ အဲ့ဒီ အသားဟင်းဟာ အနည်းငယ် ပေါ့တယ်ဆိုပေမယ့် အသားညှီနံ့ ပျောက်အောင် ချက်ထားတဲ့ဟင်းက တကယ်ကို ကောင်းလွန်းခဲ့တာပါ။

အခေါက်နဲ့ အဆီ အပါအဝင် အသားတွေကို နူးအိနေအောင် ချက်ထားတဲ့ အရောင်အဆင်း လှလှနဲ့ ဝက်သားဟင်း ဆီပြန်တတုံးကို လက်ခံ ရရှိလိုက်တဲ့ အချိန်မှာ ကျမ တွေ့းမိလိုက်တယ်။ အစားအသောက် အတော်ဆိုးတယ်လို့ မဝင်လာခင်ကတည်းက ကြားဖူးနား၀ ရှိထားတဲ့ ကျမအတွက်တော့ အင်းစိန်ထောင်က ဒီလောက်လဲ မဆိုးပါဘူးလို့ မှတ်ချက် ပြုလိုက်မိတာပါပဲ။

တခြား အတွေ့အကြုံရှိ အကျဉ်းသူတစ်ချို့ကတော့ နောက်ပြောင် ပြောကြပါတယ်။

“အင်းစိန်ထောင်က တခါကောင်းရင် တသက် မမေ့တော့ဘူး။ စားဖူးတယ်ရှိအောင် ရတုန်းလေး အသားအရသာကို ဇိမ်ခံ စားကြပါ။” တဲ့လေ။

အဲ့ဒီနေ့ဟာ ၂၀၂၁ ခုနှစ်က လပြည့်နေ့တစ်ရက် ဖြစ်တဲ့အတွက် ပြင်ပ အလှူရှင်တစ်ဦးက ချက်ပြီးသား ဟင်းတွေ လာလှူတာကြောင့် စားခွင့်ရခဲ့တဲ့ တနပ်စာ အလှူဟင်း ဖြစ်ခဲ့ပါတယ်။ ကျမတို့ အကျဉ်းသူတွေကြား အဲ့ဒီအသားဟင်းအကြောင်း သုံးရက်လောက် ပြောမဆုံး ဖြစ်ခဲ့ကြရသေးတယ်။ ကျမ အတွက်တော့ အင်းစိန်ထောင်က အသားဟင်း ကျွေးတဲ့အကြောင်းကို ဘာကြောင့် အကျယ်တဝင့် ကျမ မှတ်မိနေဆဲ ဖြစ်နေတာလဲ။

အကြောင်းအရင်းက အင်းစိန်ထောင်ရဲ့ အစားအသောက်ပုံစံ ဆိုတာ အသားဟင်း ချက်ကျွေးဖို့ နေနေသာသာ နေ့စဉ် အကျဉ်းသား၊ အကျဉ်းသူတွေ အပေါ် တာဝန်ကြေ ကျွေးမွေးတယ် ဆိုယုံလောက်သာ ရှိနေခဲ့တယ် ဆိုတာ ကျမ လွတ်မြောက်ခဲ့တဲ့အထိ သိခဲ့ရလို့ပါပဲ။ အဲ့ဒီအသားဟင်းတနပ်ဆိုတာ ကျမအတွက်တော့ အင်းစိန်ထောင်ထဲမှာ အသက်ရှင်ဖို့ ဆိုယုံလောက်သာ နေ့စဉ် ပုံသေနည်းအတိုင်း စားသောက်နေခဲ့ရတဲ့ နေ့ရက်များစွာထဲက အကောင်းဆုံး ဟင်းတနပ်လေး ဖြစ်ခဲ့ရလို့ပါ။

အဲ့ဒီလို အင်းစိန်ထောင်တွင်း ဆိုးဝါးစွာ လုပ်ဆောင်နေတဲ့ အခြေအနေတွေအားလုံးထဲက  အကျဉ်းသူ၊ အကျဉ်းသားတွေကို ကျွေးတဲ့ အစားအသောက် ပုံစံကိုပဲ အရင်ဆုံး မျှဝေချင်ပါတယ်..

နေ့စဉ် မနက် ၇ နာရီဆိုရင် အင်းစိန်ထောင်ရဲ့ ပုံမှန် မနက်စာ ကျွေးမွေးမှုကတော့ ဆော်ဒါများများနဲ့ ပွအောင် ကျိုချက်ထားတဲ့ ဆန်ပြုတ် ဒါမှမဟုတ် ထမင်းကြမ်းကြမ်းတွေကို ဆီမပါ ဆားမပါ လှော်ထားတယ်လို့ ဆိုရမယ့် သူတို့အခေါ် ထမင်းကြော် စတဲ့ နှစ်မျိုးထဲက တမျိုးကို ကျွေးမွေးပါတယ်။

ပြီးတော့ ပူတယ်ဆိုယုံလောက်သာ ပူနေသေးတဲ့ ရေနွေးကို အကျဉ်းသူတစ်ဦး မတ်ခွက်အရွယ် တခွက်စာရနိုင်ပါတယ် ဒါပေမဲ့ တန်းစီတာ နောက်ကျသွားရင် မရလိုက်တာမျိုးလဲ ရှိကြသေးတယ်။

နေ့လည်စာ ထမင်းနဲ့ ဟင်းကတော့ မနက် ဆယ်နာရီခန့်ဆို ပုံမှန်အဆောင်တွေဆီကို ရောက်ပါတယ်။ ထမင်းဆိုတာကလည်း အောက်သိုးသိုး အနံ့ထွက်နေတဲ့ ဆန်ကွဲသာသာ ဆန်ကြမ်းတွေကို ဆော်ဒါများများနဲ့ ထည့်ချက်ထားလို့ ထမင်းအရောင်က စက္ကူဖြူထပ်တောင် စွတ်စွတ်ဖြူနေတဲ့ အပြင် ပွပွကြီးတွေ ဖြစ်နေတာမျိုးပါ။ ပူတုန်းသာ ဝါးလို့ အဆင်ပြေပေမယ့် အေးသွားတာနဲ့ အမျှ ကျောက်ခဲ ဝါးရသလို မာလာတဲ့ အနေအထားပါ။ 

ဒီနေရာမှာ နေ့လည်စာဟင်း ဆိုတာကလဲ ပဲပြုတ်ရည်ဆိုရင် ပိုမှန်ပါတယ်။ နေ့လည်စာ အတွက် တော့ ပဲဟင်းဟာ ပဲနည်းနည်း အရည်ကျဲကျဲနဲ့ နေ့စဉ် ကျွေးမွေးမှု အဓိကဟင်းလျာပါ။ တနင်္လာနေ့ နေ့လည်ပိုင်းတွေမှာတော့ ကံကောင်းထောက်မရင် တလက်မစာ ခရမ်းသီးဖတ်၊ မုန်လာဥဖတ်လေး တခုတလေလောက်တော့ ရနိုင်ပါတယ်။

ညနေစာ ထမင်းနဲ့ ဟင်းကိုတော့ ပုံမှန် ညနေ သုံးနာရီလောက်မှာ အဆောင်တွေဆီကို ပို့ပေးပါတယ်။ ညနေပိုင်း ဟင်းကတော့ နေ့လည်ပိုင်းလို ပဲဟင်းတော့ မဟုတ်ပြန်ပါဘူး။ တနင်္ဂနွေနေ့မှာ ကြက်ဥပြုတ် နှစ်လုံးနဲ့ တနင်္လာနေ့မှာ ကြက်ဥပြုတ် တစ်လုံး ပေးပါတယ်။ ကြက်ဥပြုတ် အရွယ်အစားကတော့ ငုံးဥ နှစ်လုံးစာလောက်တော့ ခန့်မှန်း ရှိပါတယ်။ ပေးတဲ့ ကြက်ဥပြုတ်တိုင်းကတော့ စားလို့ရတဲ့ အနေအထားတော့ ဟုတ်မနေ ပြန်ပါဘူး။ ကံမကောင်းတဲ့သူတွေကတော့ ကြက်ဥပုတ်နဲ့ ဆုံကြရပါတယ်။

အင်္ဂါနေ့မှာ ငါးမုတ် လို့ ခေါ်တဲ့ ကြေးခွံတွေ မဖယ်ထားတဲ့ ငါးတမျိုးကို ဆီနည်းနည်း ရေကျဲကျဲနဲ့ ချက်ထားတဲ့ ငါးဟင်းပါ။ လက်တဝါးစာ အရှည်ရှိပြီး လက်ညိုးတလုံးစာ အထူ ခုတ်ထစ်တုံးထားတဲ့ ငါးဟင်းကတော့ အကျဉ်းသူ တစ်ဦးကို တတုံးစာပေ့ါ။

ဗုဒ္ဓဟူး အပတ်တိုင်းရဲ့ ညနေမှာတော့ အမွေးအတောင် စုံအောင် မနှုတ်ဘဲ လုံးချက်ထားတဲ့ ကလေးလက်သီး ဆုတ် အရွယ် အသားပျော့တွဲတွဲ စီပီကြက်သားတုံး တတုံးစီ ရကြပါတယ်။

ကြာသပတေးနဲ့ စနေနေ့တိုင်းကတော့ မုန်လာရွက်၊ ကန်စွန်းရွက်တွေကို ပါးပါး အကုန် ဓားနဲ့ခုတ်ပြီး  မန်ကျဉ်းမှည့်ဖက် အနည်းငယ်ပါ ရောချက်ထားတဲ့ ချဉ်ရည်ဟင်းပါ။ အဲ့ဒီချဉ်ရည်ဟင်းမှာ ဆိုရင်တော့ ပက်ကျိလို၊ ဘောက်ဖတ်လို အရွက်စားတဲ့ အင်းဆက်ပိုးမွှားကောင်တွေကိုလည်း အရွက်ဖက်တွေနဲ့ အတူ ထည့်ချက်တာကို စားနေရင်း ရံဖန်ရံခါ တွေ့နိုင်ပါသေးတယ်။

သောကြာနေ့ အပတ်တိုင်းကတော့ အသားနည်းနည်း အဆီများများနဲ့ မွေးမြူရေး ငါးတန်ဟင်း တတုံးကိုတော့ ရရှိနိုင်ပါတယ်။ ယင်ကောင်တလောင်းလောင်း၊ သဲတလျှပ်လျှပ်နဲ့ ငါးပိဖုတ်ကတော့ ထောင်ထဲမှာ ယားနာတွေ အရမ်းပေါက်လို့ နောက်ပိုင်း မကျွေးတော့ဘူးလို့ သိခဲ့ရပါတယ်။

အင်းစိန်ထောင်ရဲ့ အစားအသောက်း ဆိုးဝါးမှုတွေကို ထောင်ပိုင်လမ်းကြောင်းလာတိုင်း အကျဉ်းသူ၊ အကျဉ်းသားတွေက တင်ပြကြပါတယ်။ ပြန်ရလာတဲ့ အဖြေကတော့ နိုင်ငံတော်က အကျဉ်းသား တယောက်ကို ထမင်းနဲ ဟင်းဖိုး ၇၀၀ ကျပ်သာ သုံးစွဲခွင့်ပြုထားတဲ့အတွက် ပြောင်းလဲလာတဲ့ ကုန်ဈေးနှုန်းအလိုက် ကျွေးမွေးနေရတဲ့ အကြောင်းပါ။ ကျမသိခဲ့ရတာကတော့ အင်းစိန် အကျဉ်းထောင်ကြီးထဲကို နိုင်ငံရေး ပုဒ်မတွေနဲ့ အကျဉ်းသူ၊ အကျဉ်းသား တွေ တဖွဲဖွဲ ရောက်ရှိလာပြီး လေး၊ ငါးလ နောက်ပိုင်းမှ အစားအသောက် ကျွေးမွေးမှု အခြေအနေက ပိုပြီး ဆိုးဝါးလာတာလို့ တဆင့်စကား ပြန်ကြားခဲ့ကြရပါတယ်။

အင်းစိန်ထောင်အတွင်း တစ်နှစ်ကြော် နေခဲ့ရတဲ့ တစ်လျှောက် အသားဟင်’ကို တစ်နပ်သာမြင်ခွင့်ရခဲ့တဲ့ကျမ အဖို့ မေးခွန်းတစ်ခု အခုထိရှိနေတုန်း ..အဲဒါ သူတို့ဘာကြောင့် အကျဉ်းသားတွေကို နေ့တိုင်း မေးခွန်းမှာ ဝက်သား အမဲ သား စားသလားလို့ အကြိမ်ကြိမ် ဟန်လုပ်မေးနိုင်ကြသလဲပေါ့...

ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။