ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတဲ့ အင်းစိန်

ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတဲ့ အင်းစိန်

Yangon

စာရေးသူသည် ရန်ကုန်အခြေစိုက်ခဲ့သော အလွတ်သတင်းထောက် တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကို သတင်းရေးသားတင်ပြမှုကြောင့် ထောင်ကျခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါသည်။ ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။

++++++++++++++++++++++++++++++++++++++

မကြာသေးတဲ့ စက်တင်ဘာလ တတိယအပတ်လောက်က အင်းစိန်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား လူငယ်တစ်ဦး ရုတ်တရပ် နှလုံးဖောက်ကာ သေဆုံးခဲ့တယ်လို့ ကြားသိခဲ့ရပါတယ်။ သေဆုံးသူ လူငယ်မှာ အသက် ၂၁ နှစ်အရွယ် ဖြစ်ကာ ယခင်ရောဂါ အခံ မရှိခဲ့ဘဲ အင်းစိန်ထောင်တွင်းမှာ နေထိုင်ရင်း  နှလုံးရောဂါ ဖြစ်ပွားခဲ့သူ ဖြစ်ပြီး အကျဉ်းထောင်ဆေးရုံမှာပဲ နှလုံးရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူများထံက ကြားသိခဲ့ရပါတယ်။ အခုလို သေဆုံးမှုအပေါ် စိတ်မကောင်းဖြစ်ရခြင်းနဲ့အတူ ကျမထောင်ထဲမှာ ရှိစဉ်ကတည်းက အကျဉ်းထောင်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတဲ့ အခြေအနေတွေနဲ့ ဆေးဝါး မလုံလောက်မှုကြောင့် ဖြစ်ခဲ့ရတဲ့ ဆိုးဝါးမှု အခြေအနေတွေကို ကျမကို ပြန်ပြီး အမှတ်ရလာစေပါတယ်။

၂၀၂၁ ခုနှစ်  သြဂုတ်လအတွင်းက တတိယအကြိမ်မြောက် ပြန်လည်ဖြစ်ပွားလာတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ရောဂါကို တနိုင်ငံလုံး ရင်ဆိုင်နေရတဲ့ အချိန်နဲ့ တပြိုင်ထဲမှာပဲ အင်းစိန်အကျဉ်းထောင်ထဲမှာလည်း နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေဟာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကို အခြေအနေ မျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

အဲ့ဒီလို ဆေးဝါးမလုံလောက်ခြင်း အခြေအနေနဲ့ အာဟရ မပြည့်ဝမှုတွေကြောင့်ပဲ နိုင်ငံရေး အကျဉ်းသူ တစ်ဦး ကိုဗစ်ကြောင့် သေဆုံးခဲ့ရတာ ရှိခဲ့တယ်လို့ နိုင်ကျဉ်း အမျိုးသမီးတစ်ဦးက ကျမကို ပြန်ပြောပြခဲ့ပါတယ်။ 

“နေမကောင်းတဲ့ နိုင်ကျဉ်းအန်တီကို ညက တအားဖျားလို့ ဆေးရုံခေါ်သွားတယ်။ မနက်ရောက်တော့ ဆုံးပြီတဲ့လေ။ အဲ့ဒီတုန်းကဆို ဖျားနေတဲ့သူတွေကို ဆေးထိုးရင် ထောင်ဝန်ထမ်းတွေက အဆောင်တွေရဲ့ သံတိုင်အပြင်ဘက်ကနေ အတွင်းကအကျဉ်းသူတွေကို ဆေးလှမ်းထိုးတာ။ ဖျားနေတဲ့အတွက်လဲ ဆေးတွေ အလုံအလောက် မရခဲ့ဘူး။ ကျမတို့မှာ အိမ်က ပေးတဲ့ဆေးတွေနဲ့ ဝေမျှပြီး အသက်ဆက်ခဲ့ရတယ်။ ” လို့ သူမက ပြန်လည် ပြောပြခဲ့ပါတယ်။

အင်းစိန်ထောင်ထဲမှာ ကျမ ရောက်ရှိနေခဲ့တဲ့ လတာ အတွင်းမှာလည်း အင်းစိန်အကျဉ်းထောင်ရဲ့ ဆေးဝါး မလုံလောက်မှုတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတဲ့အခြေအနေတွေကို မြင်ခဲ့ ကြားခဲ့ရပါတယ်။ 

အင်းစိန်ထောင်မှာ အမျိုးသမီး အကျဉ်းသူတွေကြား အဖြစ်အများဆုံး ရောဂါတွေကတော့ ယားနာရောဂါ၊  အမျိုးသမီးမီးယပ်ရောဂါ အပါအဝင် ဖျားနာ၊ ခေါင်းကိုက်၊ အစာအိမ် ဖြစ်ပွားမှုတွေ အများဆုံး တွေ့ရပါတယ်။ 

အနေဆင်းရဲလို့ အများဆုံး ဖြစ်ပွားတဲ့ ယားနာရောဂါ အတွက်ဆိုရင် အင်းစိန်ထောင်ရဲ့ ဆေးရုံဆောင်မှာ လိမ်းဆေးလို ဆေးဝါးမျိုးတောင် အလုံအလောက် ရှိမနေပါဘူး။ ယားနာဖြစ်ပွားသူတွေကို သောက်ဆေး၊ ထိုးဆေး ပေးနိုင်ဖို့ဆိုတာ ပိုပြီး ခက်ခဲပါတယ်။ ထောင်တွင်းဆေးရုံမှာ ယားနာအတွက် ထိုးဆေး၊ သောက်ဆေး ရှိမနေခြင်းပါ။ ယားနာရောဂါ ပြင်းထန်တဲ့သူတွေဆိုရင် အရက်ပြန်နဲ့ အနာလိမ်းဆေး ဗီတာဒိုင်းကို ရောပြီး လိမ်းဖို့ ပေးပါတယ်။ အဲ့ဒီအရည်တွေကို လိမ်းတဲ့အတွက် တချို့ကတော့ အရေပြားပူလောင်နာတွေ ဖြစ်တဲ့အထိ ဖြစ်တာ တွေ့ခဲ့ရပါတယ်။

ယားနာရောဂါ မပြင်းထန်တဲ့သူတွေကိုတော့ သူတို့ အခေါ် စာတန်းနီလို့ ခေါ်တဲ့ ငွေကျပ် ၁၅၀ တန် (၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ဈေးနှုန်း) Pai Mico လို့ ခေါ်တဲ့ ၁၀ ဂရမ် အရွယ်အစားရှိတဲ့ ယားနာလိမ်းဆေး ညှစ်ဆေးဘူးကိုပဲ ပေးပါတယ်။ ပေးတယ်ဆိုတာကလည်း နှစ်ယောက် တစ်ဘူးနှုန်းနဲ့ ပေးတာပါ။ 

ဒီလို ယားနာလိမ်ဆေးကိုတောင် လတိုင်းရဲ့ ပထမအပတ်လောက်မှာ ဆေးရုံမှာ ဆေးဖြည့်တင်းတဲ့ အခြေအနေမှသာ ရရှိနိုင်တာ ဖြစ်ပါတယ်။ အဖြစ်များတဲ့ ယားနာလို အနာမျိုးတောင် ဆေးဝါး မလုံလောက်ဘူးဆိုရင် တခြားရောဂါတွေအတွက်ဆို ပိုပြီး ခက်ခဲတာ တွေ့ရပါတယ်။ ဆေးရုံမှာ ဆေးဝါး လုံး၀ မရှိဘူးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ အကိုက်အခဲ ပျောက်ဆေး ပါရာစီတမော အဖြူရောင်၊ B 12, B6 စတဲ့ ပန်းရောင်၊ အဝါရောင် ဆေးလုံးတွေကတော့ အများစု ဆေးအရောင်တွေက အရောင်ပျယ်လွင့်စ ပြုနေကြတဲ့ ဆေးတွေကိုတော့ အရေအတွက်နဲ့ ရရှိနိုင်ပါတယ်။ 

နောက်ပြီး အကြောဆေးသွင်းခံရမယ့် အကျဉ်းသူတွေအတွက်တော့ တကြိမ်ထဲနဲ့ အကြောထဲ ဆေးထိုးအပ် လွယ်လွယ်ကူကူ ဝင်သွားဖို့ အခြေအနေကို ကိုးကွယ်ရာဘုရားတိုင်းကို နာနာ ဆုတောင်းနိုင်မှ ဆုတောင်းပြည့်မှာ ဖြစ်ပါတယ်။ အများစုကတော့ အကြောထဲ ဆေးထိုးအပ် သွင်းပြီးဆို အနည်းဆုံး နှစ်ကြိမ်တော့ ပြန်ပြန် အထိုးခံရသူများ ဖြစ်ပါတယ်။ နာတာရှည် ရောဂါ အခံရှိသူများအတွက်ကတော့ ဆေး ပုံမှန် ရရှိနိုင်ဖို့ဆိုရင် အပြင်က မိသားစုတွေကိုပဲ အားကိုးနေရတဲ့ အခြေအနေပါ။ 

နာတာရှယ် ရောဂါအတွက် ဆေးဝါးတွေ သွင်းနိုင်ဖို့ကလည်း ဆရာဝန်လက်မှတ်နဲ့ အပြင်က မိသားစုကရော အတွင်းက အကျဉ်းသူအနေနှင့်ပါ အကြိမ်ကြိမ် ကြိုးစားမှ ရနိုင်တာမျိုးပါ။ အပြင်က မိသားစုတွေအနေနဲ့ သာမာန် သောက်ဆေးတွေ ဖြစ်တဲ့ အဂ်လိပ်ဆေးဝါး အဖျားပျောက်ဆေး ပါရာစီတမော က စလို့ နှာစေးရင် သောက်ရတဲ့ စီထရွင်း အပါအဝင် အခြား အစာအိမ်သောက်ဆေး စတဲ့ အလွယ်တကူ ဝယ်လို့ရတဲ့ သာမာန်သောက်ဆေးတွေကို သွင်းမယ်ဆိုရင်တော့ ထောင်တွင်းဂိတ် အဆင့်ဆင့်တွင် စိစစ်စစ်ဆေးခံရပြီးမှ (ဥပမာ- သုံးကဒ် သွင်းရင် တကဒ်သာ) ပါလာတဲ့ ဆေးကဒ်တွေကို အကျဉ်းသူ၊ အကျဉ်းသားတွေက လက်ခံရရှိမှာ ဖြစ်ပါတယ်။ 

လက်ရှိ အချိန်ထိ အင်းစိန် အကျဉ်းထောင် အပါအဝင် အကျဉ်းထောင်တွေမှာ ဆေးဝါး မလုံလောက်မှု အပါအဝင် ကျန်းမာရေး စောင့်ရှောက်ခြင်း ညံ့ဖျင်းမှု အခြေအနေတွေက ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေဆဲပါ။ မည်သည့် အဖွဲ့အစည်း မည်သည် အခြေအနေကမှ ဆေးဝါး ဖြည့်တင်းမှုကို မထောက်ပံ့နိုင်သေးတာ တွ အင်းစိန် အကျဉ်းထောင်ရဲ့ ဆေးကုသမှု အခြေအနေနဲ့ ဆေးဝါး မလုံလောက်တဲ့ အခြေအနေကို ကျမတို့ နိုင်ကျဉ်းသူတွေ သရုပ်ဖော်ရေးသားထားတဲ့ သံချပ်စာသားလေး တကြောင်းရှိပါတယ်.

“ဆေးခန်း တခါပြ သွားပြီဆို …   မနက်၊ နေ့လည်စာ ငတ်တော့မှာပဲ။ 

ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်ရင် … ဘာပဲ လာလာ၊ (အနာအကျင်သက်သာတဲ့) ဒိုင်ကလို ထိုးမယ်။” 
 

ပန်းချီလက်ရာ Songbird။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ Songbird ကိုပံ့ပိုးကူညီပေးနေပါသည်။