ပန်းသေးပုံပြင်တစ်ခု

ပန်းသေးပုံပြင်တစ်ခု

လားရှိုး၊ ရှမ်းပြည်နယ်

လားရှိုးမြို့ပေါ်က လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်မှာ မနက်စောစောစီးစီး မီးဖိုပေါ်မှာ ရေနွေးက ဆူ၊ ပန်းကန်ခွက်ယောက်တွေကို စားပွဲတွေပေါ်မှာချ၊ အလွန်ပူပြင်းလှတဲ့ နံပြားဖိုထဲကို နံပြားတွေ ရိုက်သွင်းနဲ့ ဆိုင်မှာ ရှိသမျှလူ အားလုံးဟာ အလုပ်နဲ့လက် အဆက်မပြတ် လုပ်ကိုင်နေကြပါတယ်။

ဦးအယ်လ်ဘတ်ဟိုးကတော့ သူ့မိသားစု လက်ဖက်ရည်ဆိုင်လေးကို မနက်စာ လာစားတဲ့ ဖောက်သည်တွေ အတွက် အလုပ်တွေ များနေတာကို ဂရုမပြုမိသလို ပါပဲ။ သူ့ရဲ့ ငယ်ငယ်ဘဝကို ပြန်သတိရနေတဲ့ အတွေးတွေ ထဲမှာ နစ်မြောလို့ ပေါ့။ တရုတ်မွတ်စလင်တဦး ဖြစ်တဲ့ ဦးအယ်လ်ဘတ်ဟိုးဟာ ၁၉၆၀ နှစ်လွန်တွေအတွင်းမှာ အီတလီက လာတဲ့၊ သူ အလွန်ချစ်တဲ့ ခရစ်ယန် မယ်သီလရှင်တွေက အင်္ဂလိပ်စာကို ကောင်းကောင်း ပြောတတ်အောင် သင်ပေးခဲ့တာကို ပြန်ပြီး ပြောပြပါတယ်။

ငယ်ငယ်တုန်းက ဓာတ်ပုံတွေကို ပြန်လည် လှန်လှောကြည့်ရင်း သူ့မိသားစုရဲ့ ဘာသာရေး ယုံကြည်ချက်ဟာ သူ ပြင်ဦးလွင်က ကွန်ဗင့်ကျောင်းကို သွားတက်ဖို့ အတားအဆီးရယ် လို့ လုံးဝ မဖြစ်ခဲ့ဘူး လို့ ဆိုပါတယ်။ ကွန်ဗင့် ကျောင်းပညာရေးဟာ ဗြိတိသျှ ကိုလိုနီခေတ်က စလို့ ၁၉၆၀ ပြည့်လွန်နှစ်တွေ အထိ အလွန်ပဲ ခေတ်စား ကျော်ကြားခဲ့တာပါ။

နှစ်ရှည်လာပြီး မကြာခဏ ထုတ်ယူ ကြည့်ကြည့်နေလို့ ဟောင်းနွမ်း ၀ါကျင်နေတဲ့ ဓာတ်ပုံတစ်ပုံမှာ ဦးအယ်လ်ဘတ်ဟိုးကို လူငယ်တစ်ဦးအနေနဲ့ တွေ့မြင်ရမှာပါ။ သူ့ရဲ့ဘေးမှာတော့ တစ်သက်လုံး ကျောင်းစာ သင်လာရတဲ့ ဆရာမ တဦးရဲ့ ခန့်ထည်တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ကိုယ်ခန္ဓာ သေးသေးသွယ်သွယ် သီလရှင်တစ် ဦးပါ။ လူငယ် အယ်လ်ဘတ်ဟိုးရဲ့ ပုံကို ကြည့်ရင် သူ့ဆရာမကို ကာကွယ်ပေးဖို့ အသင့် ရှိနေတဲ့ ပုံစံနဲ့ ပါ။ ဒါကတော့ ဆရာမရဲ့ မြန်မာပြည်မှာနေတဲ့မှာ နောက်ဆုံးနေ့ကို လိုက်ပို့နေတာကိုး။ စစ်အစိုးရ အာဏာရှင် ဦးနေဝင်းက သူ အာဏာသိမ်းပြီးနောက်မှာ ကွန်ဗင့်ကျောင်းတွေကို ပိတ်ခဲ့လို့ပါပဲ။

မာသာ လီနာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကြောင့် သူ့အင်္ဂလိပ်စာ အလွန်ကောင်းတာလို့ ဆိုပါတယ်။

ငယ်ငယ်တုန်းက ဓာတ်ပုံတွေကို ပြန်လည် လှန်လှောကြည့်ရင်း သူ့မိသားစုရဲ့ ဘာသာရေး ယုံကြည်ချက်ဟာ သူ ပြင်ဦးလွင်က ကွန်ဗင့်ကျောင်းကို သွားတက်ဖို့ အတားအဆီးရယ်လို့ လုံးဝ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ ကွန်ဗင့်ကျောင်း ပညာရေးဟာ ဗြိတိသျှကိုလိုနီခေတ်က စလို့ ၁၉၆၀ နှစ်လွန်နှစ်တွေ အထိ အလွန်ပဲ ခေတ်စား ကျော်ကြားခဲ့တာပါ။

“ဒါက ကျွန်တော့ဆရာမ မာသာလီနာ။ ဒီဓာတ်ပုံက ဒီဇင်ဘာ ၃၀ ရက်နေ့ ၁၉၇၀ မှာ ရိုက်ထားတာ။ ဆရာမကို ကျွန်တော်တို့ လားရှိုးကို လိုက်ပို့တဲ့ နေ့ပေါ့။ ဘရာဇီးက ဌာနချုပ်ကို ပြန်ပြီလေ”

“ကျွန်တော် ဒီဆရာမ ဆီကနေ အင်္ဂလိပ်စာ သင်ရတာ။ အီတလီက ဆရာမ သုံးဦးရှိတယ်။ မာသာ လီနာ၊ မာသာ အမ်မာ နဲ့ မာသာ အင်ဂျလာ”  

“မနက်တိုင်း မနက်တိုင်း ရိုမန်ကစ်သလစ် ဘုရားစာတွေ ဆိုရတယ်။ မနက်တိုင်း ရွတ်ရတယ်” ဆိုပြီး သူ မှတ်မိ သလောက်ကို ပြန်ပြီး ဆိုပြပါတယ်။

“ဘယ်သူက ဒီဓာတ်ပုံပေးခဲ့တာလဲ ကျွန်တော် မသိဘူး။ မာသာလီနာက လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကတည်းက ဘရာဇီးမှာ ဆုံးသွားတာ။ သူ့ဝိညာဉ် ငြိမ်းချမ်းပါစေ”

“ဒီ မာသာက ကျွန်တော့ကို စိတ်ဝင်စားအောင် သင်ပေးခဲ့တာ”


ပြင်ဦးလွင်က စိန့်မိုက်ကယ် ကစ်သလစ်ကျောင်းမှာ လာတက်တဲ့ ကျောင်းသားတွေဟာ မြန်မာနိုင်ငံတဝှမ်းကဖြစ်ပြီး လူမျိုး၊ ဘာသာ ပေါင်းစုံ ပါဝင်ပါတယ်။

မြန်မာပြည်မှာ နေတဲ့သူ အများစုဟာ ဗုဒ္ဓဘာသာတွေ ဖြစ်ပေမယ့် ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေလည်း ရှိပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံရဲ့လူဦးရေအရ ၆ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်း အသီးသီးရှိကြတယ် ဆိုတာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အစ္စလာမ်ဘာသာကတော့ ၉ ရာစုလောက် ကတည်းက ရောက်ရှိလာခဲ့တာလို့ ပညာရှင်တွေက ဆိုပါတယ်။ အိန္ဒိယကနေ တရုတ်ပြည်၊ တစ်ခါ အရှေ့အလယ်ပိုင်း စတဲ့ နေရာတွေနဲ့ ကုန်သွယ်တဲ့ ကွန်ယက်တွေ ရှိတာကြောင့် တံငါသည်တွေ၊ ကုန်သည်တွေနဲ့ စစ်သူရဲကောင်းတွေဟာ မြန်မာပြည်ကို ရောက်လာကြပါတယ်။

“ကျွန်တော်တို့က တရုတ် မွတ်စလင်တွေ ပါ။ ပန်းသေး ဆိုတာ မြန်မာတွေရဲ့ အခေါ်အဝေါ်” လို့ သူက ပြောပါတယ်။

“လားရှိုးမှာ တရုတ် မွတ်စလင် မိသားစုတွေ ၁၀၀ ကျော် လောက် ရှိမယ်”

ပန်းသေး မွတ်စလင်တွေဟာ မြန်မာနိုင်ငံက ယုံကြည်ကိုးကွယ်တဲ့ ဘာသာမတူတဲ့ သူတွေ အထဲမှာ ရှိနေတာ သားစဉ်မြေးဆက် ဖြစ်နေပါပြီ။ ဗြိတိသျှ ကိုလိုနီ အရာရှိ ဆာဂျော့စကော့ဟာ သူ့ရဲ့ အတွေ့အကြုံတွေထဲမှာ ပန်းသေး လူမျိုးတွေအကြောင်းကို ထည့်သွင်းခဲ့ပါတယ်။  

ဒီအုပ်စုဟာ မြန်မာနိုင်ငံရဲ့ တရားဝင် တိုင်းရင်းသားလို့ သတ်မှတ်ထားတဲ့ အမျိုးအနွယ်တွေထဲမှာ မပါဝင်ပါဘူး။ ဒီတရားဝင် သတ်မှတ်ချက်ဟာ လူနည်းစုတွေ အတွက် ကတော့ အလွန်အရေးပါတဲ့ အတားအဆီး တစ်ခုပါပဲ။ အစ္စလာမ်ဘာသာဝင်တွေကို ခြိမ်းခြောက်သူတွေ၊ ကိုယ်ထိလက်ရောက် ဒုက္ခပြုသူတွေ မကြာခင်နှစ်တွေမှာ များပြားလာတဲ့ အပြင် လားရှိုးမှာလည်း အဓိကရုဏ်း ဖြစ်ပွားပြီး၊ အဲဒီ ကြားထဲက သူတို့ကို အသိအမှတ် ပြုအောင် ကြိုးစားခဲ့တာတွေလည်း ရှိပါတယ်။

သူတို့ဆွေမျိုးတွေ မြို့ပေါ်မှာ အခု လက်ဖက်ရည်ဆိုင် ၃ ခုရှိနေပါပြီ။

ပန်းသေးခေါက်ဆွဲဆိုတာ မြန်မာပြည်မှာ အလွန် နံမယ်ကြီးပါတယ်။ ဒါပေမယ့် ဦးအယ်လ်ဘတ်ဟိုးတို့ လက်ဖက်ရည်ဆိုင်မှာတော့ အရောင်းရဆုံး၊ ဖောက်သည်တွေ အကြိုက်ဆုံးကတော့ ကြက်စွတ်ပြုတ်ရယ်၊ ဖိုမှာ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ နံပြားလို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့က မနက်စာပဲ ရောင်းတာ” လို့ ခြံဝင်းထဲက စားပွဲတွေ စားမယ့်သူတွေနဲ့ ပြည့်လျှံလာတာကို ကြည့်ရင်း ပြောပါတယ်။

“ဒီဆိုင်ကို ဖွင့်တာ အခုဆို ရ၂ နှစ် ရှိပြီ”

“ဒီရပ်ကွက်ကို ကျွန်တော်တို့ ပြောင်းလာတော့ ၁၉၅၇။ ကျွန်တော်တို့ရဲ့ အဘွား (အဘွားရဲ့အမေ) က ရွေးချယ်ခဲ့တာ။ မြို့ရဲ့ အပေါ်ပိုင်းလေးမှာ ဆိုတော့ ကျွန်တော်တို့တတွေ ဒီနေရာလေးကို သဘောကျတယ်”

“ဒီမှာလုပ်နေတာ အကုန်လုံး မိသားစုတွေချည်းပဲ။ ဒီဟာက ကျွန်တော့ ညီမအငယ်ဆုံး။ ဒါက ညီအငယ်ဆုံး။ ကျွန်တော်တို့ မောင်နှမ ရ ယောက်ရှိတယ်”

“တစ်နေ့နေ့တော့ ကျွန်တော့သမီးတွေ (ဒီအလုပ်ကို ဆက်လုပ်ရင် လုပ်မှာပေါ့)။ ကျွန်တော့မှာ သမီး ၂ ယောက် ရှိတယ်။ တစ်ယောက်က ကမ္ဘောဇဘဏ်မှာ လုပ်နေတာ။ နောက် တစ်ယောက်ကတော့ အင်ဒိုနီးရှားမှာ အလုပ် လုပ်နေတယ်။ သူက အငယ်ဆုံး”

“ကျွန်တော်တို့တတွေက စည်းစည်းရုံးရုံး ရှိတယ်။ အဲဒါကြောင့်မို့လို့ ဆိုင်က အခုချိန်အထိ ရှိနေတာ”

 

(အောက်တိုဘာလတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)