ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း

ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း

သံတောင်ကြီး၊ ကရင်ပြည်နယ်

ကျယ်ပြန့်ပြီး ပြင်းထန်လှတဲ့ မြန်မာနိုင်ငံ အတွင်း ပြည်တွင်းစစ်ပဋိပက္ခ ဖြစ်နေတဲ့ ကာလထဲမှာ ဦးစောဘိုသာဟာ ဘယ်လိုမှ မဆုံးဖြတ်နိင်လောက်အောင် ခက်ခဲတဲ့ ရွေးချယ်ချက် တစ်ခုကို လုပ်ဆောင်ဖို့တွေ့ကြုံရလာပါတယ်။ 

အဲဒီခေတ်တွေကိုတော့် “ခက်ခဲတဲ့ ဆယ်စုနှစ်တွေ” လို့ သူက ဆိုပါတယ်။ ဒေသခံတွေဟာ စစ်တပ်နဲ့ ပဋိပက္ခ ပိုပြင်းထန် လာတဲ့ အခါမှာ ပြောက်ကျား နည်းဗျုဟာသုံးလာတဲ့ ကေအင်ယူကြား ပိတ်မိနေခဲ့ပါတယ်။ 

၂၀၀၇ မှာ ဒီတောင်ပေါ်မြို့လေးဖြစ်တဲ့ သံတောင်ကြီးကို လူဦးရေ အယောက် ၂ သောင်းလောက်တက်ရောက်မယ့် ကရင် နှစ်ခြင်း ညီလာခံ (Karen Baptist Convention) ရဲ့ ဆွေးနွေးပွဲ မစခင် ရက်ပိုင်းကလေး အတွင်းမှာပဲ အတော် ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်သွားပါတယ်။ ဦးစောဘိုသာ ခမြာမှာလည်း ဒီဆွေးနွေးပွဲ ဆက်ဖြစ်ဖို့ ဒေသခံ စစ်တပ် ဗိုလ်မှုးချုပ်ဆီ အမြန်သွားပြီး အတည်ပြုရပါတယ်။ 

“ငါတို့အတွက် မင်း တစ်ခုခုလုပ်ပေးရမယ်” လို့ သူ့ကို ပြောပါတယ်။ 

ဆွေးနွေးပွဲဆက်ပြီး လုပ်ဖို့ဆိုရင် ကေအင်ယူတွေကို ဒေသခံ သတင်းလွှာထဲမှာ လူသိရှင်ကြား ရှုတ်ချရမယ် ပေါ့။

ဒါက အတော်ကလေး မလွယ်တဲ့ အဖြစ်ပါ။ ကရင်လူမျိုးတွေ လူ့အခွင့်အရေး ရရှိဖို့၊ မတရားအကျင့်မခံရဖို့၊ ငြိမ်းချမ်းစွာ နေထိုင် စားသောက်နိုင်ဖို့ ဆိုပြီး တိုက်ခိုက်နေတဲ့ ကေအင်ယူကို အားပေးတဲ့ ဒေသခံတွေ အများအပြား ရှိနေတဲ့ အပြင် တစ်ဖက်ကို လိုက်လျောမိရင် အခြားတစ်ဖက်က အမျက်ထွက်မှာကိုလည်း စိုးရိမ်ရပါတယ်။ 

ကရင်ပြည်နယ်ရဲ့ ၁.၅ သန်းလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းက ခရစ်ယာန်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရသိရပါတယ်။

“တော်တော်ခက်ခဲတဲ့ အချိန်တွေကို ကျွန်တော်တွေ့ကြုံခဲ့ရတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေဟာ ကျွန်တော့်ကို သင်ခန်းစာတွေ အများကြီးပဲ ပေးတယ်။ ဘုရားရှင်က ကျွန်တော့်ကို အသိတရား ပေးတယ်။ ရောက်လာတဲ့ အရာ အားလုံးကို ကျော်လွှားနိုင်ဖို့ အင်အားကို ဘုရားရှင်က ကျွန်တော့်ကို ပေးတယ်” လို့ ဦးစောဘိုသာက ဆိုပါတယ်။ 

ရန်လိုမှုတွေကြားမှာ ပိတ်မိနေလို့ ကျွမ်းကျင်လာတာ ကတော့ လက်တွေ့ကျတဲ့ သံတမန် အတတ်ပညာပါပဲ။ အစိုးရ စစ်တပ် ခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေဟာ ပွဲကြီးကြီးမားမားတွေကို နက်ရှိုင်းတဲ့ သံသယတွေနဲ့ ကြည့်ခဲ့တဲ့ အချိန်ပါ။ ညီလာခံပွဲလုပ်ဖို့ အတွက် ခရစ်ယာန်ဘုရားကျောင်းမှ စီစဉ်သူတွေဟာ စစ်တပ်ဆီက ခွင့်ပြုချက်ကို လိုအပ်ပါတယ်။ 

ဒီတော့ ဦးစောဘိုသာဟာ စစ်တပ်တောင်းဖိုတဲ့အတိုင်းလုပ်ရပါတယ်. ဒါပေမယ့် စစ်တပ် မသိပဲ ဦးစောဘိုသာဟာ ကေအင်ယူခေါင်းဆောင်တွေနဲ့ စကားပြောပြီးတဲ့ အပြင် ရိုးရိုးသာမာန်လူအဖြစ်ပဲ လာရမယ်သူတို့ကိုပါ နှစ်ခြင်းဆွေးနွေးပွဲ ကို ဖိတ်ခဲ့တယ်။ဒါပေမယ့့််် လို့  

အဲဒီလိုနဲ့ အသွင်ပြောင်းထားတဲ့ ကေအင်ယူခေါင်းဆောင်တွေဟာ  အနီးနားက တောင်တွေမှာ သူတို့ရဲ့တပ်တွေ တိုက်နေတဲ့ စစ်တပ်တပ်မှုးတွေရဲ့ မျက်စိအောက်မှာပဲ အစည်းအဝေးကို တက်လာကြပါတယ်။ 

ကရင်ပြည်နယ် ပဋိပက္ခဟာ ကမ္ဘာ့အရှည်ဆုံး ပဋိပက္ခပါ။

ကရင်ပြည်နယ်က ပြည်သူ့စစ်ဟာ မြန်မာနိုင်ငံ ဗြိတိသျှတွေလက်အောက်က လွတ်လပ်ရေး ၁၉၄၈ ခုနှစ်မှာ ရပြီး မကြာခင်မှာပဲ စတင်ခဲ့ပါတယ်။ 

ဆယ်စုနှစ် ၄ နှစ်ကျော်ပြီးသွားချိန်မှာတော့ အခြေအနေက ပိုဆိုးရွားလာပါတယ်။ ၁၉၈၈ ခုနှစ်က လူထုဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ စစ်တပ်ဟာ အတိုက်အခံတွေနဲ့ နိုင်ငံအနှံ့မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပေါ်မှာ ဖြိုခွဲမှုတွေ စတင်ခဲ့တဲ့ နောက်ပိုင်းမှာ အခြေအနေဟာ အတော်လေး ဆိုးရွားလာခဲ့ပါတယ်။ 

ဒီလို အခြေအနေကြားမှာ ကျေးလက်ဒေသမှာနေတဲ့ လူတွေဟာ ထမင်းကို စောစောနဲ့ မြန်မြန်စားတဲ့ အကျင့် ရလာကြပါတယ်။ အရေးကြုံလာရင် ထွက်ပြေးရဖို့ အမြဲတမ်း အဆင်သင့်ပေါ့။ 

“အတော်လေး ဒုက္ခရောက်ခဲ့ပါတယ်၊ ကြမ်းတမ်း ခက်ခဲခဲ့ပါတယ်။ အချိန်ရရင် ရွာသားတွေက ဟင်းချက်ကြတယ်။ သူတို့က ပြောတယ် ‘သင်းအုပ်ဆရာရေ၊ လာပြီးစား။ လုံခြုံတဲ့ ခေတ်ကြီးမဟုတ်တော့် မြန်မြန်လုပ်ရတယ်’ တဲ့” 

“ကျွန်တော်တို့ စားနိုင်တဲ့ အချိန်စားတယ်။ တစ်ခါတစ်လေကျရင် ဟင်းတွေ အကုန်လုံးကို ထမင်းပန်းကန်ပေါ်တင်ပြီးမှ ပစ်ခတ်သံကြားရင် ချက်ခြင်းခုန်ထပြီး ပြေးရတော့် ဟင်းတွေ ကျန်ခဲ့ရော။ အဲဒါ တစ်ကယ့်ဘဝ၊ ကျွန်တော်တို့ဘဝ” 

ပဋိပက္ခကြောင့် ဦးစောဘိုသာရဲ့ မိဘတွေဟာ ဒီကိုပြောင်းလာရတယ် လို့ပြောပါတယ်။

ဒီလို နိုင်ငံရေး ကသောင်းကနင်း ဖြစ်တာတွေကြောင့် ဦးစောဘိုသာရဲ့ မိသားစုဟာ သူတို့ မွေးဖွား ကြီးပြင်းလာတဲ့ ရွာငယ် ကလေးကို စွန့်ခွာခဲ့ကြရပါတယ်။ ဒီရွာကလေးမှာ ဦးစောဘိုသာရဲ့ မိဘတွေက ဆန်စပါးနဲ့ အသီးအရွက်တွေ စိုက်ပျိုးပြီး သူ့ ဖခင်ကတော့ ကြည်ညိုရတဲ့ လယ်ထွန်ပြီး သာမာန် တရားဟောဆရာပါ။ 

ဒီရွာကလေးမှာ သက်ကယ်မိုးလို့ သစ်သားနဲ့…၊ ဝါးနဲ့ ဆောက်ထားတဲ့ အိမ်တွေမှာ နေတာ လူဦးရေ ၁၅၀ လောက်ပဲ ရှိပါတယ်။ ရွာသားတော်တော်များများက ရာသီအလိုက် ဖြစ်ထွန်းတဲ့ သီးနှံတွေ၊ ကော်ဖီ၊ ကွမ်းနဲ့ အသီးအရွက်တွေကို စိုက်ပြီး လမ်းလျှောက်ရင် ၃ နာရီလောက်ကြာ ဝေးတဲ့ သံတောင်ကြီးမြို့ကို သွားပြီးရောင်းကြတာပါ။ 

“ကျွန်တော့် ကလေးဘဝက အရမ်းကို ပျော်ရွှင်စရာကောင်းတယ်။ အဲဒီအချိန်တုန်းက ပဋိပက္ခရှိပေမယ့် ကျွန်တော် ကြီးပြင်းလာတဲ့ အချိန်မှာလိုမျိုး မပြင်းထန်ဘူး။ နေ့သွား ညသွား သွားလို့ ရသေးတယ်။ သွားချင်တဲ့နေရာ သွားလို့ရတယ်။ အတော်လေး လွပ်လပ်ပြီး လုံခြုံတယ်” 

အသက် ၇ နှစ်မှာ ဦးစောဘိုသာဟာ ကျောင်းတက်ဖို့ သူ့အဖိုးရှိတဲ့ သံတောင်ကြီးကို ပြောင်းလာခဲ့ပေမယ့် သူ့မိသားစုဆီကို မကြာခဏပြန်နိုင်ခဲ့ပါတယ်။ 

“ကျွန်တော် လူပျိုပေါက်အရွယ်ရောက်တဲ့ အထိ ရွာကို စနေ၊ တနင်္ဂနွေတိုင်း ပြန်တယ်။ ငယ်သေးတဲ့ အရွယ် ဆိုတော့ ကျွန်တော်တို့ အတွက် ဒီအကွာအဝေးကို မကြာက်ဖူးပေါ့။ နီးတယ်ပေါ့” 

“အဲဒီနောက်တော့ နိုင်ငံရေး ပဋိပက္ခတွေ၊ စစ်တိုက်တာတွေကြောင့် ပြန်ဖို့ ပိုပိုပြီး ခက်လာတယ်။ ညကျမှပဲ သွားလို့ရတယ်။ နေ့ခင်းကြီးထဲမှာတောင် စစ်တပ်တွေနဲ့ တွေ့တယ်။ သူတို့က တစုံတခုမေးတယ်။ တစ်ခါတစ်လေကျရင် သူတို့က ထိန်းချုပ်တယ်၊ ဖမ်းတယ်” 

၁၉၉၈ ကတော့ အတိတ်နမိတ်မကောင်းတဲ့ အလှည့်အပြောင်း အမှတ်အသားတစ်ခုပါပဲ။ အဲဒီနောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အားပေးတယ်၊ ကာကွယ်တယ် လို့ သူတို့ သံသယရှိတဲ့ လူနေမှု အသိုင်းအဝိုင်း တွေကို စစ်တပ်က ဖမ်းဆီးတာတွေ၊ တိုက်ခိုက်တာတွေ လုပ်ပါတော့တယ်။

မြန်မာနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ဒေသခံတွေဟာ သိန်းနဲ့ ချီပြီး ထိုင်းနိုင်ငံနဲ့ နယ်စပ် ဒေသကို မောင်းထုတ် ခံခဲ့ရပါတယ်။ လယ်တွေ အသိမ်းခံရတာနဲ့၊ မြေမြှုပ်မိုင်းတွေ ရှိတာနဲ့ အများအပြားဟာ သူတို့ရဲ့အိမ်ကို ဘယ်တော့မှ မပြန်နိုင်တော့ပါဘူး။ 

“သူတို့က ပြောတယ်… “ရေရှိရင် ငါးရှိမယ်။ ဒါပေမယ့် ရေတွေ အကုန်လုံး စစ်ချလိုက်ရင် ငါးမရှိနိင်တော့ဘူး” တဲ့။ အဲဒီတော့ သူတို့က ရေတွေကို အကုန်ယူသွားတယ်။ ရွာသားတွေကို သူတို့ ထိန်းချုပ်လို့ ရတဲ့ နေရာတွေကို တွန်းပို့တယ်” 

အဲဒီအချိန်မှာ အသက် ၇၀ အတွင်းရောက်နေကြပြီ ဖြစ်တဲ့ ဦးစောဘိုသာရဲ့ မိဘတွေဟာလည်း သူတို့ရဲ့ အိမ်ကနေ ၁၉၉၇ မှာ ထွက်လာခဲ့ရပါတယ်။ သူတို့ရဲ့ သားသမီး ၅ ဦးထဲက ၄ ဦး အခြေခြနေတဲ့ သံတောင်ကြီးမြို့မှာလာပြီး နေပါတယ်။ 

"သူတို့တော်တော်ကို စိတ်မကောင်းဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့မြေ၊ သူတို့ခြံ၊ သူတို့နေရာကို လွမ်းတယ်လေ။ နေ့တိုင်း နေ့တိုင်း သူတို့ ပြန်ချင်တယ်။ စပါးရိတ်တဲ့ အချိန်ဆို ပိုဆိုးတယ်။ ကျွန်တော့်အဖေက ကျွန်တော့်ကို အမြဲပြော တယ်။ ‘ဒီနှစ်တော့ ငါ ရွာပြန်မယ်ကွာ’ ဆိုပြီး” လို့ ဦးစောဘိုသာက ပြောပါတယ်။ ဒါပေမယ့် သူတို့ ဘယ်တော့မှ မပြန်ဖြစ်ခဲ့ပါဘူး။ 

“သူတို့ ဒီမှာပဲ နေပြီး ဒီမှာပဲ ဆုံးသွားကြတယ်” 

တစ်ဖက်က ကြည့်ရင်တော့ သူတို့ ကံကောင်းတယ် လို့ ဆိုရမယ်။ မိသားစုရှိနေတဲ့ အတွက် လယ်က ဝင်ငွေ မရှိပေမယ့် သူတို့ နေထိုင် ရှင်သန်နိုင်ခဲ့တယ်။ တစ်ချို့သူတွေကျတော့ ဘယ်လိုမှ မရပ်တည်နိုင်တဲ့ အတွက် သူတို့လယ်ကို ဆက်လက်ပြီး လုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ 

သူတို့တွေက စွန့်စားဖို့ ကြိုးစားကြတယ်။ ရွာကို ပြန်ပြီး ပစ္စည်းတွေ သိမ်းကြတယ်။ တစ်ချို့တွေက မြေမြှုပ်မိုင်းတွေနဲ့ တွေ့ပြီး ခြေတွေကျိုး။ တစ်ချို့တွေကလည်း စစ်တပ်တွေနဲ့ တွေ့လို့ အပစ်ခံရပြီး ဆုံးသွားကြတယ်” 

သံတောင်ကြီး ဒေသခံတွေကလည်း သဘာဝအလှတွေနဲ့ အေးမြတဲ့ ရာသီဥတုကြောင့် ကိုလိုနီခေတ်တုန်းက လူကြိုက်များခဲ့တဲ့ သူတို့မြို့လေးကို ခရီးသွားလုပ်ငန်းတွေ တည်ထောင်နိုင်မလားလို့ မျှော်လင့်လာပါတယ်။

မကြာသေးမီ နှစ်တွေ အတွင်းမှာတော့ အစိုးရနဲ့ ကေအင်ယူ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တာမို့ အခြေအနေ တော်တော်လေး သက်သာလာပါတယ်။ ဒီအချိန်မှာ ရန်သူတွေ ပွင့်ပွင့်လင်းလင်းတွေ့ဖို့ နောက်ထပ် အားကစားပွဲ တစ်ခုလည်း ဖြစ်ပေါ်လာတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အတွက် ကျင်းပတဲ့ ဘောလုံးပွဲပေါ့။ 

“ကေအင်ယူက အသင်းတစ်သင်း။ စစ်တပ်ကလည်း အသင်း တစ်သင်း။ အတူတူ ကန်ကြတယ်” 

သံတောင်ကြီး ဒေသခံတွေကလည်း သဘာဝအလှတွေနဲ့ အေးမြတဲ့ ရာသီဥတုကြောင့် ကိုလိုနီခေတ်တုန်းက လူကြိုက်များခဲ့တဲ့ သူတို့မြို့လေးကို ခရီးသွားလုပ်ငန်းတွေ တည်ထောင်နိုင်မလားလို့ မျှော်လင့်ချက်လေးတွေ ပွင့်လာကြ ပါတယ်။ 

“ကျွန်တော်က လူတွေအများကြီး သံတောင်ကြီးကို လာလည်စေချင်တယ်။ လာရင်လည်း သံတောင်ကြီးထဲမှာပဲ မနေစေချင်ဘူး။ ရွာတွေကိုပါ သွားလည်” လို့ ဦးစောဘိုသာက ဆိုပါတယ်။ 

သူ့ရွာက အိမ်ဟောင်းတွေဟာ “အကုန်ပျက်စီးပြီး စွန့်ပစ်ထား” ခံရတဲ့ အပြင် မြေမြှုပ်မိုင်းတွေ ကလည်း ဆက်လက်ပြီး ကြောက်စရာ ကောင်းနေပေမယ့် သူ့အိပ်မက်ကတော့ ဧည့်သည်တွေကို သူ့ရွာကို ခေါ်သွားပြီး လိုက်ပြချင်တာပါပဲ။ 

ဒီ သင်းအုပ်ဆရာဟာ ဒေသခံ စီးပွားရေးကို တိုးတက်အောက် တည်ဆောက်နိုင်မယ့်…၊ မျိုးဆက်သစ်လူငယ်တွေကို သူတို့ ဒေသမှာ နေရင်း မျှော်လင့်ချက်နဲ့ အနာဂတ်စီးပွားရေး အတွက် ပံ့ပိုးပေးနိုင်မယ့် ဘယ် စက်မှုလုပ်ငန်းကို မဆို စိတ်အား ထက်သန်ပါတယ်။ 

“ချမ်းသာဖို့ အတွက် အဝေးကြီးကို ပြောင်းသွားစရာ မလိုပါဘူး။ ဒီမှာပဲ နေပြီး ကျွန်တော်တို့ လူမျိုးတွေအနေနဲ့ မတ်မတ်ရပ်နိုင်တယ်၊ ကျွန်တော်တို့ မြေပေါ်မှာ ရပ်တည်နိုင်တယ် လို့ ကျွန်တော်ပြချင်တယ်” 

 

(၂၀၁၆ ဇွန်လတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)