မှန်ဘီလူးနောက်ကွယ်က ဘဝ

မှန်ဘီလူးနောက်ကွယ်က ဘဝ

ရန်ကုန်

ဒီဇင်ဘာ ၅ ရက်၊ ၁၉၇၄ ခုနှစ်၊ မနက်မှာပေါ့။ ကျိုက္ကဆံကွင်းကြီးဟာ ဆောင်းတွင်း မနက်ပိုင်းမှာ ကျတတ်တဲ့ မြူတွေ လိုပဲ ဝမ်းနည်းကြေကွဲမှုတွေ ခြုံလွှမ်းလို့ နေပါတယ်။ စိတ်မကျေနပ်မှု ခံပြင်းမှုတွေနဲ့ လေထုကြီးကလည်း မငြိမ်မသက်နဲ့။ ကုလသမ္မဂ အတွင်းရေးချုပ်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့် မကြာခင်က နယူးယောက်မှာ ဆုံးပါသွားခဲ့လို့ သူ့ရုပ်ကလပ်ကို မြန်မာပြည်ပြန်ယူလာပြီး၊ ယခင်က မြင်းပြိုင်ကွင်း ဖြစ်ခဲ့ဖူးတဲ့ ကျိုက္ကဆံမှာ ထားထားတဲ့ ချိန်မှာ လာရောက်ဂါရဝပြုသူတွေကတော့ လွမ်းသူ့ပန်းခွေတွေကို ကိုင်လို့ ကွင်းထဲက ငိုကြွေးမြည်တမ်းနေကြပါတယ်။ 

ဦးသန့်ဟာ ကုလသမဂ္ဂ အတွင်းရေးချုပ် ဘဝမှာ ကျုးဘားဒုံးပျံအရေးကို ပညာပါပါနဲ့ ကိုင်တွယ်နိုင်ခဲ့တဲ့အတွက် ကမ္ဘာတဝှမ်းက လေးစားခြင်းခံခဲ့ရသူပါ။ ဒါပေမယ့် ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့အစိုးရကတော့ ဦးသန့်ကို ကြံတော သုဿာန်မှာ အဲဒီနေ့ညနေ သဂြိုဟ်မယ်လို့ ကြေငြာထားပါတယ်။ ကွင်းထဲရောက်နေကြတဲ့ ရာပေါင်းများစွာ ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေကတော့ နိုင်ငံတော် အသုဘ မလုပ်တာဟာ ဦးသန့်လို လူကြီးသူမတစ်ယောက်ကို မလေးစားတာပဲ၊ စော်ကားတာပဲ ဆိုပြီး မကျေချမ်းကြပါဘူး။ 

ရုပ်ကလပ်ကို ကြံတောကို မသယ်ဆောင်ခင်မှာပဲ ကျောင်းသားတွေဟာ အခေါင်းကိုယူပြီး ဦးပဥ္ဇင်းတွေ၊ သာမန်ပြည်သူတွေရဲ့ အကူအညီနဲ့ ရန်ကုန်တက္ကသိုလ် ပရဝုဏ်ထဲကို သယ်လာပါတယ်။ ဒီလို အာဏာရှင်နဲ့ မခြေမငံဖြစ်တာ တစ်ပတ်လောက် အကြာမှာတော့ စစ်သားတွေဟာ ဦးသန့်ရဲ့ ရုပ်ကလပ်ထားထားတဲ့ နေရာကို ဝင်စီးပါတော့တယ်။ အဲဒါမှာ ကျောင်းသားအများအပြား သေကြေခဲ့ပြီး ဘယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့သလဲ ဆိုတာ အခုအချိန်ထိ အတည်ပြုလို့ မရသေးပါဘူး။ 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ နက်ရှိုင်းလှတဲ့ ဝေဒနာတွေ ပေးခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ ဦးထိန်ဝင်းရဲ့ ဘဝအတွက်လည်း အရေးကြီးတဲ့ အပြောင်းအလဲ တစ်ခုဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံကို ငယ်ငယ်ကလေးကတည်းက ဝါသနာပါတဲ့ ဦးထိန်ဝင်းဟာ ဓာတ်ပုံဆရာဘဝနဲ့ ရပ်တည်ဖို့ ဦးသန့်အရေးအခင်းက တွန်းပို့ပေးလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ ပိုက်ဆံသာမကဘဲ ဂုဏ်သိက္ခာလည်း အရမ်းမြင့်တဲ့ ဆရာဝန်ဘဝ မဖြစ်တာ၊ စာမေးပွဲ သုံးကြိမ် ကျတာတွေကို ဝမ်းမနည်းနေဘဲနဲ့ စီးပွားရေးအရ မရေရာ၊ မသေချာတဲ့၊ သူ့အတွက်လည်း အန္တရာယ် ရှိတဲ့ ဓာတ်ပုံလောကထဲကို ဂျွမ်းပစ်ဝင်လိုက်ပါတော့တယ်။ 

အဲဒီအချိန်ကနေစပြီး သူဟာ မှန်ဘီးလူးနောက်ကွယ်ကနေ ၁၉၈၈ ဆန္ဒပြပွဲတွေ နဲ့ ၂၀၀၇ ရွေဝါရောင် တော်လှန်ရေးတွေရဲ့ သက်သေခံတစ်ဦး ဖြစ်လာပါတော့တယ်။ 

၂၀၁၄ ဒီဇင်ဘာတွင် ဦးထိန်ဝင်းသည် လွန်ခဲ့သည့် နှစ် ၄၀ ကဖြစ်ခဲ့သော ဦးသန့်အရေးအခင်းမှ ဓါတ်ပုံအသစ်များပါဝင်သော စာအုပ်တအုပ်ကို ထုတ်ဝေခဲ့ပါတယ်။

“ကျွန်တော် ၁၉၇၄ ခုနှစ် စက်တင်ဘာမှာ ဆေးတက္ကသိုလ် ၁ ကနေပြီး ၃ခါကျနဲ့ ထွက်လာတော့ ရန်ကုန် တက္ကသိုလ်ကျောင်းထဲမှာအံ ဓာတ်ပုံဆရာဘဝနဲ့ ရပ်တည်တော့မယ်လို့ ဆုံးဖြတ်ချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဦးသန့် ကွယ်လွန်တာကြားပြီး သူ့ စျာပနကို ကျိုက္ကဆံကွင်းမှာ ကျင်းပမယ်လို့ ကြားတယ်။ ကျောင်းသားတွေက ကြံတောမှာ မြှုပ်မှာကို မကျေနပ်ဘူး၊ ဒါပေမယ့် သွားပြီး ဂါရဝပြုကြမယ် လို့ ကြားတယ်”

“ဒီဇင်ဘာ ၅ရက်မှာသူတို့နဲ့ အတူ မှတ်တမ်းတင်ဖို့ ဆိုပြီး ကျွန်တော် ကျိုက္ကဆံကွင်းထဲ ရောက်သွားတယ်။ ဒါပေမယ့် အဲဒီမှာလည်း ပြည်သူလူထုနဲ့ ကျောင်းသားနဲ့ တာဝန်ခံတွေနဲ့ ပြဿနာဖြစ်ပြီး ဦးသန့်ရဲ့ ရုပ်ကလ္လပ်ကို ပြန်ယူလာတယ်” 

“ကြန်တောမှာ သဂြိုဟ်မယ် ဆိုတာ့ မတင့်တယ်ပါဘူး ဆိုပြီး၊ အဲဒီတော့ ကျွန်တော်က သမိုင်းမှတ်တမ်း အဖြစ် ဓာတ်ပုံရိုက်ချင်တယ်လို့ ခွင့်တောင်းတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျောင်းသားတွေ သိပ်များတော့ တစ်ယောက်နဲ့ တစ်ယောက် မသိကြတော့ ကျွန်တော့်ကို တာဝန်မယူနိုင်ပါဘူး ဆိုပြီး ရိုက်ခွင့်မပြုဘူး။ 

“အဲဒီမှာ ကျွန်တော့် ဆရာတစ်ယောက်က ဝန်ထမ်းဆိုတော့ သူ့အိမ်က ကျောင်းထဲမှာ ရှိတော့ အဲဒီအိမ်ပေါ် ကနေ ခိုးပြီး သမိုင်းမှတ်တမ်းကို ခိုးပြီး ရိုက်ခဲ့တာ” 

“ဒါပေမယ့် (စစ်တပ်က) ဝင်စီးတော့ ကျွန်တော် မရှိတော့ဘူး။ ဖမ်းတဲ့ ပုံတွေက ဆရာရိုက်ထားတာ။ ဝင်မစီးခင်ညက ဆရာ့အမျိုးသမီးက “မောင်ထိန်ဝင်း မင်းပြန်တော့။ မပြန်ရင်ကန်ချရလိမ့်မယ် လို့ ပြောတယ်။ ဝင်စီးမယ် ဆိုတာ ရိပ်မိလို့ နေမှာပေါ့” 


၁၉၈၈ ဆန္ဒပြပွဲများ

“(ရန်ကုန်မြို့လယ်မှာ) သမိုင်းမှတ်တမ်းတွေ အများကြီး ဖြစ်ခဲ့တာပေါ့။ ၁၉၈၈ အရေးအခင်းဟာ ဒီနား တစ်ဝိုက်မှာ ဖြစ်တာ။ ကျွန်တော်ရိုက်ထားတဲ့ပုံတွေ အများကြီးပဲ ရှိတယ်” 

“၈၈ ဒီဇင်ဘာမှာ တစ်ခါ detain လုပ်ခံရတယ်။ ၄ ပတ်ပေါ့။ ကျွန်တော် စစ်တပ်ကို သွားပြီး ဓာတ်ပုံရိုက်မိလို့။ ပြန်ထွက်လာတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် နှစ်ယောက်ဆီမှာ ကျွန်တော့ နက်ဂတစ်တွေ သိမ်းထားတာ သွားတောင်းတော့ မရှိတော့ဘူး” 

“ဘာလို့ မရှိတော့တာလဲ ဆိုတော့ ဧည့်စာရင်းဝင်စစ်မယ် လို့ ကြားလို့ အကုန်လုံး မီးရှို့ပစ်လိုက်တယ်” တဲ့။

“၁၉၈၉ မှာတော့ တစ်ခါ ဘာမှ ခေါင်းစဉ်မတပ်ဘဲနဲ့ ကျွန်တော့ကို detain လုပ်တယ်။ ၁၁ ရက် ကြာတယ်”

“၁၉၉၀ ကြတော့ နိုင်ငံခြားက ကျွန်တော့ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ “ထိန်ဝင်း မင်းဟာ archive မှာ ထားရင် ကောင်းမယ် တဲ့။ ကျွန်တော်လည်း လုပ်ချင်တယ်လို့။ contact မရှိလို့ လုပ်ပေးပါဆိုတော့ ကျန်တဲ့ဟာ အားလုံးကို ပို့လိုက်တယ်။ ကျွန်တော် ကံကောင်းသွားတာပေါ့” 

နယ်သာလန်နိုင်ငံရဲ့ မြို့တော် အင်စဒါဒန်က အဖွဲ့အစည်း တစ်ခုမှာ ဦးထိန်ဝင်းရဲ့ ဓာတ်ပုံ ၅၀၀ ကျော်ကို ထိန်းသိမ်းထားပါတယ်။

၁၉၈၈ ဆန္ဒပြပွဲများ 

“ကျွန်တော် အလေးထားတာတွေ ကတော့ အများကြီးပဲ၊ ဒါပေမယ့် တန်ဖိုးအထားရဆုံး ဓာတ်ပုံတွေ ကတော့ ပထမက သမိုင်းမှတ်တမ်း ဓာတ်ပုံတွေ ပါ။ နောက်တစ်ခုက − သူလည်း နံပါတ်တစ်ပဲ − တော့ပ် (Top)။ အနုပညာသမားတွေရဲ့ ပုံတူ (portrait) ဓာတ်ပုံပါပဲ။ ကျွန်တော် ဆရာမင်းသုဝဏ် တို့ကတည်းက စရိုက်တာ”

“ရိုက်ဖြစ်ရတဲ့ အကြောင်းလေးက ဆရာပေါ်ဦးသက်က ကျွန်တော့်ကို Yousuf Karsh ရဲ့ စာအုပ် ထုတ်ပြတယ်။ portrait တွေ ချည်းပဲ။ Churchill တို့၊ Audrey Hepburn တို့။ ခင်ဗျား အဲဒီလို မရိုက်ချင်ဘူးလား တဲ့။ အဲဒီမှာ အိုင်ဒီယာ ရသွားပြီး၊ အားလဲကျသွားပြီး တွေ့သမျှ အနုပညာရှင်တွေ နံမည်ကြီးကြီး မကြီးကြီး ရိုက်နေတာ နှစ်ပေါင်း ၄၀ကျော်ကြာသွားပြီ။ အခုဆို ၂၀၀ နီးပါးရှိပြီ” 

၂၀၀၇ ရွှေဝါရောင်အရေးအခင်း

“ကျွန်တော်က ငယ်ငယ်က ကျွန်တော့် အဖေဆီမှာ Rolleicord လို့ခေါ်တဲ့ ကင်မရာ ရှိတယ်။ သူဓာတ်ပုံ ရိုက်ချင်ရင် ကျွန်တော့ကို shutter release button ကို နှိပ်ခိုင်းတယ်။ သူက အပျော်တန်း ဓာတ်ပုံသမား။ ဆိုတော့ ၆ နှစ် ရ နှစ် သားကတည်းက ဘယ်လို ရိုက်ရမလဲဆိုတာကို လမ်းညွှန်သွားတော့ အဲဒီမှာတင် စပြီး အလေ့အကျင့်ရတယ်” 

အသက် ၁၁ နှစ် အထိ ပုသိမ်မြို့က ခရစ်ယာန်ကျောင်းမှာ စာသင်လာခဲ့ရပြီးနောက် မိဘတွေက သူ့ကို ကျောင်းဆက် တက်ဖို့ အိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့ကို ပို့လိုက်ပါတယ်။ 

“အဖေက ကျွန်တော့ကို မသွားခင် ကင်မရာလေး ဝယ်ပေးလိုက်တယ်။ ဒါပေမယ့် ဦးနေဝင်း ၁၉၆၂ မှာ အာဏာ သိမ်းတော့ ကျွန်တော်တို့တွေ ပြန်လာရတယ်” 

“၁၉၆၆ မှာ ဆေးတက္ကသိုလ် ၁ ကို ရောက်သွားတယ်။ အဲဒီတုန်းက အင်္ဂလိပ်မေဂျာကို ဦးနေဝင်းက မထားတဲ့ အတွက် ကျွန်တော်က အမှတ်တွေ များပြီး ဆေးကျောင်းကို ရောက်သွားတယ်။ အဲဒီမှာ ကျွန်တော့ အတွက် ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီး ဆရာ ၃ ယောက်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော်က ဆေးတက္ကသိုလ်တက်ပြီး ဆေးကို ဝါသနာမပါခဲ့သူ ဖြစ်လို့ ကံကောင်းစွာနဲ့ ဓာတ်ပုံပညာကို လက်တွေ့သင်ခဲ့ရတယ်။ ကျွန်တော့်မှာ ပညာတွေ အများကြီးရတာပေါ့”  

၃၃လမ်းမှ ကင်မရာပြုပြင်ဆိုင်များ

လူငယ်ဓာတ်ပုံဆရာ တစ်ယောက်အနေနဲ့ ဒီလမ်းတွေ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ဖလင်လိပ်တွေ လိုက်ရှာရတဲ့ နေ့တွေကို ဦးထိန်ဝင်းက မှတ်မိနေပါသေးတယ်။ 

“ဆိုရှယ်လစ်ခေတ်မှာ ဖလင်လိပ်တွေကရှား၊ ကုန်သွယ်ရေးကလည်း လုံလုံလောက်လောက် ဝယ်ခွင့်မပေး၊ အဲဒီမှာ ဓာတ်ပုံဆရာ တစ်ချို့က ကုန်သွယ်ရေးကို စာတင်ပြီး ဝယ်ဖို့ ခွင့်ပြုချက်တောင်းရတယ်။ မှောင်ခိုတွေ ကလည်း ခေတ်စားချိန်ပေါ့”

“အဲဒီမှာ ကျွန်တော်တို့ကို ၁၀ လိပ် လောက် ထုတ်ပေးရင် ကျွန်တော်တို့က ၅လိပ်ကို ရောင်းစား၊ ၅ လိပ်ကိုတော့ ရိုက်။ အစိုးရဆီက ဝယ်ရတာ ၂ ကျပ်လောက် ပိုပြီးသက်သာတယ်” လို့ ဝါရင့်ဓာတ်ပုံဆရာ ဦးထိန်ဝင်းက ပြောပါတယ်။ 

၃၃လမ်းရဲ့ အလယ်ဘလောက် လမ်းအတိုလေးမှာ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ နိုင်ငံခြားက ကင်မရာတွေကို ပြုပြင်ပေးတာ အလွန်တော်တဲ့ ဆရာတွေ အခုချိန်အထိ ရှိပါသေးတယ်။ ကင်မရာပျက်သွားသူတွေ အတွက် ကတော့ ဒီဆရာတွေက ကယ်တင်ရှင်တွေ ပါပဲ” 

သူတို့တွေရဲ့ ဆိုင်ကျဉ်းကျဉ်း မြောင်းမြောင်းလေးတွေမှာ သွားပွတ်တံက အစ ဝက်အူလှည့်အဆုံး ကိရိယာ တန်ဆာပလာအစုံ သုံးပြီးတော့ ဒစ်ဂျစ်တယ်နဲ့ ဗွီဒီယို ကင်မရာမျိုးစုံကို ခွဲစိတ်ပြုပြင်နေကြတာကို နေ့တိုင်းတွေ့ရမှာ ပါ။ 

“ဒီဂျစ်တယ် စပေါ်လာတုန်းက ဖလင်ကို မမှီဘူး ဆိုပြီးတော့ ကျွန်တော်တို့က အတိုက်အခံပြောတယ်” 

“ကျွန်တော်တို့ မှားသွားတာပေါ့” လို့ ရယ်ရယ်မောမောဆိုပါတယ်။

 

(၂၀၁၆ ဇွန်လတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)