မန္တလေးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့ ဇော်*ဟာ သူ့ရသမျှလစာအကုန်လုံးနီးပါးကို သူ့အဖိုးနဲ့အဖွားဆီပြန်ပြီးပို့ပါတယ်။ နေ့တိုင်းလိုလို အရုဏ်မတက်ခင်မှာနိုးပြီး စားပွဲတွေခုံတွေတိုက်ချွတ်၊ ပစ္စည်းတွေနေရာတကျထည့်၊ ပြီးတော့ အလုပ်ချိန်ပေါ်မူတည်ပြီး ဆိုင်ကို လာနေကျ အလုပ်သမားတွေ၊ ကားဆရာတွေ အတွက် လက်ဖက်ရည်ဖျော်ဖို့ ရေနွေးတည် တဲ့အလုပ်တွေကို ဆက်တိုက်လုပ်ပါတယ်။ ဖောက်သည်အားလုံးလိုလိုဟာ အမျိုးသားတွေဖြစ်ပြီး သူတို့ဟာ ဆေးလိပ်ဖွာရင်း တီဗွီအကြီးကြီးပေါ်မှာ ပြနေတဲ့ ဘောလီဝဒ်က အိန္ဒိယရုပ်ရှင်တွေကိုကြည့်ပြီး အချင်းချင်းရယ်ကြမောကြနဲ့ ပြောဆိုနေကြတာဟာ အလွန်ပဲကားရှုပ်တဲ့ ဆိုင်ရှေ့က လမ်းမပေါ်က လောရီကားကြီးတွေရဲ့ အသံတွေကိုတောင် ဂရုမပြုကြပါဘူး။
မန္တလေးမြို့ကြီးပေါ်မှာ ဇော်ဟာ မိသားစုမရှိတဲ့ တစ်ကောက်ကြွက်ပါ။ သူ့အဖေကတော့ ဆုံးသွားပါပြီ။ သူ့အမေက ရွာမှာနောက်အိမ်ထောင်ပြုပြီး ဇော်ရဲ့ ညီအငယ်ကိုတောင် ကျောင်းထားပေးဖို့ ရုံးကန်နေရသူပါ။
အသက် ၁၄ နှစ်လို့ပြောပေမယ့် ဇော်ဟာ အတော်ကလေးညှက်ပါတယ်။ သူ့ကိုယ်သူလည်း ဒါကို သိရှာတယ်။ လစာအနေနဲ့ လက်ဖက်ရည်ဆိုင်က ကျွေးတဲ့ အစားအစာတွေထဲမှာ သူ့အတွက် အာဟာရပြည့်တာတွေ သိပ်မပါဘူးလို့ တွေးပြီး စိတ်ပူတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်က အခြားအလုပ်သမားတွေနဲ့ အတူနေတဲ့ ဇော်ဟာ သူ့ရဲ့အနာဂတ်ဟာ ဘယ်လိုပုံစံလည်းဆိုတာကို သူမသိနိုင်သေးပါဘူး။ ဒါပေမယ့် ရသမျှအချိန်မှာ the MyME project အဖွဲ့က သူ့လိုပဲ လက်ဘက်ရည်ဆိုင်တွေမှာ အလုပ်လုပ်တဲ့ ကလေးတွေအတွက် ဖွင့်ပေးထားတဲ့ စာသင်ခန်းကို မမေ့မလျော့ သွားတက်ပါတယ်။ မသေခြာ၊ မရေရာတဲ့ မန္တလေးမြို့တော်ကြီးပေါ်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ အခြားအလုပ်သမားတွေက ဇော်အတွက်တော့ မိသားစုလို၊ အကာအကွယ် ဖြစ်လာပါပြီ။
“ဒီကိုရောက်တာ ၁နှစ်ကျော်သွားပြီ၊ ရွာကနေဒီကိုတန်းလားတာ။ ရွာကအဒေါ်ကလိုက်ပို့တာ။ ရွာကိုပြန်ဖြစ်တယ်၊ ရောက်ကတည်းက ၃ခါလောက်ပြန်ဖြစ်တယ်”
“အမေကတော့ ကောက်စိုက်တွေဘာတွေလည်းလိုက်တယ်၊ ကုလားထိုင်လည်းလုပ်ရောင်းတယ်၊ ပန်းရံလည်းလုပ်တယ် ကြုံရာကျပန်းပေါ့၊ ဖေဖေကတော့မရှိတော့ဘူး သေပြီ၊ သေတာ ၁နှစ်ကျော်လောက်ရှိပြီ။ ဝါခေါင်လဆန်း ၈ရက်နေ့က။ ဒီရောက်မှ ဖေဖေကသေတာ၊ သစ်ကိုင်းရိုက်လို့သေတာ၊ သစ်ပင်တွေဘာတွေဖြတ်တော့ သစ်တုံးကြီးတွေထမ်းရတယ်၊ သစ်ပင်တွေကိုစက်နဲ့ဖြတ်ရင်း သစ်ကိုင်းရိုက်ပြီးသေတာ”
“ညီနဲ့အမေက ရွာမှာ၊ အကိုကတော့ မိန်းမနဲ့ မန္တလေးမှာ၊ သားကလူကြီးပေါ့။ အကိုက အိမ်နဲ့လည်း မခေါ်ဘူး၊ ကျွန်တော်ရယ်အမေရယ်က အလုပ်လုပ် အိမ်က အဘကြီးနဲ့ အမေကြီးကိုလုပ်ကျွေးတယ်၊ လစာရရင် လစာပေးတယ်၊ ညီကတော့ ကျောင်းတက်နေတယ်၊ ညီက သူငယ်တန်းရှိသေးတယ်၊ ညီက ၅နှစ် အခုနှစ်မှပြည့်တာ။ လစာကတော့ တစ်လ ၅သောင်းရတယ်။ အကုန်တော့ပြန်မပို့ဘူး နည်းနည်းတော့ချန်ထားတယ်၊ သုံးဖို့။”
“ရွာကအိမ်က သွပ်မိုးတယ် တိုင်က ကျွန်းတိုင် ထရံကာပေါ့။ အုတ်က မတက်ရသေးဘူး ထရံကာပဲရှိသေးတယ်၊ အိပ်တော့ ကုတင်နဲ့။ ဒီမှာ (ခုံပေါ်မှာ) အိပ်တာက မနာပါဘူး။ စောင်လည်းရှိတယ်။ ညဆိုလည်းပန်ကာ ဖွင့်အိပ်တယ်၊ အိမ်မှာကပန်ကာမရှိဘူး၊ စောင်တော့ရှိတယ်။ ရွာမှာကတော့ ယပ်တောင်ခတ်တယ်”
“ရွာမှာကျောင်းတက်ခဲ့တယ်၊ ၄တန်းအောင် တဲ့အထိတက်ခဲ့တယ်”
“၄ တန်းနောက်ပိုင်း ကိုရင်ဝတ်တာ ၃နှစ်။ သားကဝတ်ချင်လို့။ ငယ်ငယ်ကတည်းက ကိုရင်ဝတ်ချင်တာ။ ကိုရင်ဝတ်တာ ဘုရားသားတော်ဖြစ်တယ်”
“၃နှစ်ဝတ်ပြီးတော့ ထွက်ပြီးမန္တလေးလာတာ၊ ဘာလို့ဆက်မဝတ်သလဲဆိုတော့ကိုရင်ကတစ်ပါးတည်းဆိုတော့ပျင်းလို့ထွက်လာတာ။ ဘုန်းကြီးကလည်း တပါးထဲ၊ နှစ်ပါးထဲရှိတာ၊ ကိုရင်အနေနဲ့ နေရတာ သက်တော့သက်သာတယ်။ ဒါပေမယ့် ဒီမှာနေရတာ ပိုက်ဆံရတယ် ဒီမှာနေရတာပျော်လည်းပျော်တယ် ရွာကလူတွေလည်းရှိတယ်”
“တခြားဘယ်မှမရောက်ဖူးဘူး၊ မန္တလေးကျွန်တော်တို့ရွာအနီးတဝိုက် ရွာတွေပဲရောက်တယ်”
“နားရက်က သင်္ကြန်ဆို တစ်ရက်ရှိတယ်၊ ပြီးရင်း တရုတ်နှစ်သစ်ကူးဆို ၂ရက် ဆိုင်ပိတ်ရက် ဒီ၃ရက်ပဲရှိတယ်၊ ကျန်တာကပိတ်ရက်မရှိဘူး”
“အိပ်တော့စားတော့ဒီမှာပဲ၊ ညဆိုရင်ဒီခုံတွေထပ်ပြီးအိပ်တယ်၊ ခင်းပြီးအိပ်တယ်”
“မနက်ဆိုရင် ၅နာရီနှိုးတယ် ၅နာရီနိုးရင် ကျွန်တော်က ရေခဲသေတ္တာသုတ် ခုံသုတ် ရေနွေးထည့်ပြီး ကောင်တာထဲကို ဆေးလိပ်ထည့်။ အလုပ်အများဆုံးက မနက်ရယ် ညရယ်”
“မနက်ပိုင်းကတော့ အလုပ်သွားတဲ့သူတွေဝင်သောက်တယ်၊ မနက်ကတော့အပြည့်ပဲ မနိုင်ဘူး၊ တခါတလေအလုပ်သွားတဲ့သူတွေလည်း ဒီမှာချိန်းတယ်။ နေ့ခင်းဆိုလည်း ကျတာကတော့ ထမင်းဒီမှာဝင်စားတာတွေရှိတယ်။ ညပိုင်းကတော့ အလုပ်ကပြန်လာလို့ရှိရင် ဝင်တယ်”
“ညဆိုရင် ၁၀နာရီဆိုင်သိမ်းတယ်၊ တခါတလေ ၁၂မှအိပ်တယ်၊ တခါတလေဆိုင်ပိတ်ပြီးတာနဲ့ အိပ်တယ်”
“သင်တန်းမတက်ရဘူး/မရှိဘူး ဆိုလည်း ဒီမှာပဲ အလုပ်လုပ်မယ် အိပ်မယ် အိပ်ပြီးရင်ထမယ်၊ ထပြီးရင်ရေချိုးမယ်၊ ရေချိုးပြီးရင် အလုပ်လုပ်မယ်”
“ဘောလုံးဆော့ဖြစ်ပါတယ်၊ ညဆိုင်သိမ်းရင်ဆော့တယ်၊ ဆိုင်ရှေ့မှာ”
“ကျောင်းတက်တာက ကျွန်တော်ရောက်ပြီး ၂လ ၃လနေတော့။ ၁နှစ်လောက်ရှိပြီ။ ကျန်းမာရေးအကြောင်းသင်တယ်။ အင်္ဂလိပ်စာ မြန်မာစာ အစုံသင်ပါတယ်”
“ဆိုင်ရှင်ကလည်း (တက်လို့)ရတယ်တဲ့၊ ဒါပေမယ့် တစ်ရက်ကို တစ်ဖွဲ့ နှစ်ယောက်တစ်ဖွဲ့ဆီသွားရမယ်တဲ့ နေ့တိုင်းမဟုတ်ဖူးတဲ့ အင်္ဂါနေ့ရယ် ဗုဒ္ဓဟူးနေ့ရယ် ကြာသပတေးရယ် အဲဒီ၃ရက်ပဲတက်ရတာ”
“ဘာကိုအကြိုက်ဆုံးလဲဆို အင်္ဂလိပ်လိုသင်ရတာ။ အင်္ဂလိပ်လိုက (ပြောတတ်တာ) သင်၏နာမည်ဘယ်သူလဲ၊ နာမည်ရယ် နေကောင်းလားရယ် အသက်ရယ် ဆိုင်မှာရောင်းတဲ့တီးဖျော်ရည်အဝါရောင် အရောင်ရယ်”
“စာသင်ရတာပျော်တယ်၊ စာလည်းတတ်ချင်တယ်၊ အင်္ဂလိပ်စာလည်းတတ်ချင်တယ်၊ ဗဟုသုတလည်း ရချင်တယ်။ ဆရာမကတော့ပြောတယ် သင်တန်းကပြီးခါနီးပြီတဲ့။ စာမေးပွဲတွေတော့ဖြေရဦးမယ်။ ဒါပြီးရင် နောက်တတန်းဆက်တက်မယ် ဒီကျောင်းမပိတ်မချင်းတက်မယ်”
“ကျွန်တော်သင်တန်းတက်တော့ ပျော်တယ်၊ မတွေ့ဖူးတဲ့သူတွေနဲ့တွေ့ရတယ်၊ ကျွန်တော်ဒီသင်တန်းမတက်ရဘူးဆိုရင် ဆရာမတို့နဲ့မတွေ့ရဘူး သင်တန်းတက်တော့ဆရာမတို့နဲ့တွေ့ရတယ်”
“သင်တန်းမှာသင်သမျှလိုက်လုပ်ရတာ ခက်တော့မခက်ပါဘူး ဒါပေမယ့် ခက်တာလေးတွေရှိတယ်။ ကျန်းမာရေးအတွက် ငါးတွေဘာတွေစားရမယ်ပေါ့။ ငါးရံ့တို့ဘာတို့။ ဆိုင်မှာလည်းကျွေးတော့ကျွေးတယ် ဒါပေမယ့် ငါးကတော့မကျွေးနိုင်ဘူး။ ဆရာမတို့သင်ထားတဲ့ဟာတွေထဲမှာ ကျွန်တော်တို့ဆိုင်ကကျွေးတာနဲ့ ပါတာတွေလဲရှိတယ်၊ မပါတာတွေလဲရှိတယ်။ ဒညင်းသီးတို့ဘာတို့လဲကျွေးတယ်၊ တချို့ဟာတွေက မတူဘူးဗျ၊ ဒညင်းသီးဆို သင်ထားတဲ့အထဲမှာမပါဘူး”
“ကျောင်းတက်ပြီးရင်ဖြစ်ချင်တာက.... (မပြောတတ်ဘူး) ငယ်ငယ်တုန်းက ဘောလုံးသမား ဖြစ်ချင် တယ်၊ အခုချိန်အထိဖြစ်ချင်တုန်းပဲ။ ကြိုက်တာက မြန်မာအသင်း ကြိုက်တယ်၊ မန်ယူကြိုက်တယ်။ မန်ယူထဲကကြိုက်တာတော့အကုန်လုံးပဲ ရွန်းနီကြိုက်တယ်၊ မြန်မာအသင်းထဲက အောင်သူကြိုက်တယ်၊ အောင်သူက မန္တလေးရတနာပုံအသင်းက”
“ရွာကိုပြန်ဖို့စိတ်ကူးမရှိဘူး၊ ဒီမှာနေရတာပျော်တယ်၊ ဆိုင်က မိသားစုလိုဖြစ်နေတယ်။ မြို့မှာနေတာကတော့ ကောင်းကောင်းနေရတယ် ကောင်းကောင်းစားရတယ်၊ ရွာမှာနေတာကတော့ ကောင်းကောင်းတော့လုပ်ရတယ် ကောင်းကောင်းတော့မနေရဘူး”
“မြို့မှာနေရတာက ပိုက်ဆံလည်းရတယ်။ ဖုန်းလည်းကိုင်ရတယ်။ တန်ဖိုးအထားရဆုံးက ဖုန်းပဲ။ ဖုန်းကိုဘာလို့တန်ဖိုးထားလဲဆိုရင် ကိုယ့်လစာနဲ့ကိုယ်ဝယ်ထားလို့”
“ဖုန်းက ရွာနဲ့အဆက်အသွယ် လုပ်တယ်၊ ဂိမ်းလည်းဆော့တယ်။ ဆရာမကိုယ်တိုင်လည်း (အင်္ဂလိပ်စာသင်ခန်းစာတွေ) download လုပ်ပေးတယ်”
“လက်တလောလိုချင်တာက တီဗီအသေးလေးဝယ်ချင်တယ်။ ရွာကအဘကြီးကလိုချင်လို့တဲ့။ ဘကြီးကတစ်ယောက်ထဲဆို ပျင်းတာနဲ့ အဲ့ဒါကြည့်ရအောင်။ ခေါက်တီဗွီလေး အခွေထည့်ပြီးကြည့်တာ။ ကျွန်တော် နောက်တစ်လဆို ပိုက်ဆံစုပြီးတော့ အဲဒါလေးဝယ်ပေးမယ်။ ဘယ်လောက်မှမရှိဘူး၊ ၄သောင်း ၅သောင်းလောက်ပဲရှိတာ၊ တစ်လစာထုတ်ရင်”
“သားကိုယ်တိုင်အတွက်ကကျတော့ ဘာမှမလိုဘူး ဖုန်းကမှန်ကွဲနေတာ လဲချင်တာပဲ။ မှန်က လွတ်ကျတာ၊ သူငယ်ချင်းတွေနဲ့ဆော့ရင်းနဲ့။ ။”
(စက်တင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)
* နံမယ်အပြည့်အစုံမသုံးထားပါ။