ကိုပါစကယ်ခူးသွယ်ရဲ့ ဘိုးဘွားပိုင်အိမ်ဟာ အမှတ်သညာတွေအများကြီးပါ။ အပေါ်ထပ်က လေသာခန်းရဲ့ ၀ရန်တာမှာ နေရောင်ခြည်တွေ ဖြာထွက်နေပုံဖော်ထားပြီး စိမ်းစိမ်းစိုစိုရှိတဲ့ ပန်းခြံထဲမှာတော့ မီးဖိုချောင်အိုကြီးရဲ့ကြမ်းပြင်ပေါ်မှာ မွေးဖွားလာတဲ့ ကလေးတွေရဲ့ ချက်ကြိုးတွေ ဂုဏ်ပြုတဲ့ အနေနဲ့ မြှုပ်ထားပါတယ်။
ဒီအိမ်ကြီးရဲ့ မူလအဆောက်အအုံဟာ နှစ်ပေါင်း ၁၀ဝ ကျော် ကတည်းက ဆောက်ထားတာပါ။ ခေတ်မျိုးစုံ ဖြတ်သန်းခဲ့ရလို့ အသက် ကြီးရင့်လာပြီ ဖြစ်သလို ခြတွေရဲ့ တိုက်ခိုက်မှုကိုလည်း အလွန်အမင်းခံခဲ့ရပုံပါ။ ရှေးဟောင်း သစ်ပင်ကြီးပေါ်မှာ သစ်ကိုင်းအသစ်တွေ ထွက်လာသလိုပဲ အချိန်ကာလကြာလာတော့ အသစ်အသစ် ဆောက်ထားတဲ့ အဆောက်အအုံ ကလေးတွေ ခြံဝင်းထဲမှာ ပေါ်ပေါက်လာပါတယ်။
မိသားစုတွေ ကတော့ ကိုပါစကယ်ရဲ့ အဖိုး ၁၉၄၅ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ခန့်ညားတဲ့ ပင်မ အိမ်ကြီးမှာပဲ နေကြပါ တယ်။ ဒီအိမ်ကြီးဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားလို့ ကျန်ခဲ့တဲ့ပြာပုံပေါ်မှာ ဆောက်ထားတာ ဆိုရင် မမှားပါဘူး။ သစ်သားကို မပျက်စီးအောင်လို့ ရေနံချေးသုတ်ထားတဲ့ အိမ်ကြီးရဲ့ နံရံတွေပေါ်မှာ ဘဝပေါင်းများစွာရဲ့ ဖြတ်သန်းမှု တစွန်းတစ အပိုင်းအစ လေးတွေကို မြင်တွေ့နိုင်ပါတယ်။
သမင်ချို (ဂျို) ကို ဓာတ်ပုံဘောင်လိုလုပ်ပြီး သူ့အပေါ်မှာ တင်ထားတဲ့ ရေဆေးအရောင် မိသားစုဓာတ်ပုံတွေနဲ့ ယေရှုပုံကို ရေးဆွဲထားတဲ့ ပန်းချီပုံ အများအပြား အပြင် အမိုးတန်းပေါ်က အကာအကွယ်ပေးနေတဲ့ ဝိညာဉ်တွေ တဖြစ်လဲ ကလေးတွေ ဆော့ခဲ့ဘူးတဲ့ အရုပ်ဟောင်းလေးတွေ အပါအဝင်ပေါ့။
နောက်နံရံ တစ်ခုမှာတော့ မှတ်သားစရာ နေ့တွေကို မြေဖြူနဲ့ ရေးသားထားပါတယ်။ အဲဒီအထဲမှာ “၁၉၇၂ အယ်လ်ဗစ် ဆုံးသွား”ဆိုတဲ့ စာသားလေးလည်း ပါတော့ ရေးတဲ့သူက အကြားအမြင်ရတဲ့ ပုဂ္ဂိုလ် လားမသိဘူးလို့ ကျွန်မတို့ တွေးမိလိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ရော့ခ်အင်ရိုး “ဘုရင်” လို့ သိထားတဲ့ အဆိုကျော် အယ်လ်ဗစ် ပရက်စလေဟာ သူဒီရေးထားတဲ့နှစ်ရဲ့ ၅ နှစ်အကြာ ၁၉၇၇ ကျမှ ဆုံးသွားတာမို့လို့ပါ။
စစ်အစိုးရ အုပ်ချုပ်တဲ့ ကာလအတွင်း ရုန်းကန်ခဲ့တဲ့ နှစ်ရှည်လများ တလျှောက်မှာ ပါဝင်ပေးဆပ်ခဲ့ရတဲ့ ဘဝတွေ အများကြီး ပါ။ ကိုပါစကယ်ရဲ့ ဘဝအကြောင်းကတော့ အဆန်းပြားဆုံး ဘဝတွေထဲမှာ ပါမယ်လို့ ဆိုနိုင်ပါတယ်။
သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ “From The Land of Green Ghosts” (အိုဘယ့် အစိမ်းတို့မြေ) ဟာ သူ့ရဲ့ တောတောင်ထူတဲ့ ဇာတိမွေးရပ် ဒေသက ငယ်ဘဝက စပြီး မန္တလေးတက္ကသိုလ်ကို ရောက်၊ အဲဒီမှာ ၁၉၈၈ ကျောင်းသား အရေးအခင်းထဲကို ပါဝင်မိတဲ့နောက် တောခိုပြီး လက်နက်ကိုင် ဖြစ်သွားရတဲ့ အကြောင်း၊ သူ အလွန်နှစ်သက်တဲ့ စာရေးဆရာ ဂျိမ်းဂျွိုက်စ်နဲ့ ပတ်သက်ပြီး အင်္ဂလိပ်ပါမောက္ခ တစ်ဦးနဲ့ အရင်က မထင်မှတ်ဘဲ တွေ့ဆုံခဲ့ရာကနေ လွတ်မြောက်ဖို့ အကြောင်းဖန်လာပြီး အင်္ဂလန်နိုင်ငံရဲ့ အထင်ကရ ဖြစ်တဲ့ ကိန်းဘရစ် တက္ကသိုလ်မှာ စာသင်ခွင့် ရခဲ့တဲ့ အကြောင်းတွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးသားထားတဲ့ စာအုပ်ဟာ ဖတ်ရတာလည်း အလွန်ကောင်း ပါတယ်။
တိုင်းရင်းသား လူမျိုးစုနွယ်ထဲက တစ်ယောက်ကနေမှ စာရေးဆရာ ဖြစ်လာတဲ့ သူ့ဘဝ အကြောင်းကို ပြောပြတော့ သူဟာ တောထဲက အကောင်တွေကို အမဲလိုက်တဲ့ ဘဝကနေ စာလုံးတွေရဲ့ နောက်ကို လိုက်ရတဲ့ ဘဝကို ရောက်သွားပြီ လို့ ဆိုပါတယ်။
အဝေးမှာ ရာစုနှစ် လေးပုံတစ်ပုံ နေခဲ့ပြီးတော့ ကိုပါစကယ်ဟာ မြန်မာနိုင်ငံကို ပထမဦးဆုံး အကြိမ် အဖြစ်၂၀၁၃ မှာ ပြန်လာခဲ့ ပါတယ်။
“ရယ်တော့ ရယ်စရာပဲ။ အိမ်ပြန်လာတာကို ကျွန်တော် အိပ်မက် မက်တယ်။ ပြီးတော့ အဲဒီ အိပ်မက်အတိုင်းပဲ ဖြစ်လာတယ်။ တော်တော့ကို တစ်မျိုးကြီး ခံစားရပေမယ့် စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော် အဆင်သင့်ပြင်နိုင်ခဲ့တယ်”
“အိမ်တစ်အိမ်လုံးက ရှုပ်ထွေးလို့။ အကုန်လုံးလည်း ရှုပ်ထွေးလို့။ ဒီဝရန်တာကဆို ပြိုကျပျက်စီး နေလို့ ပြန်ရောက်ရောက် ချင်းပဲ အစားထိုးလိုက်ရတယ်။ ဒီအိမ်ဟောင်းကြီးကို ပြုပြင်တာဟာ လူမှုအသိုင်းအဝိုင်းကိုလည်း ပြန်ပြုပြင်၊ ပြန်လည် တည်ဆောက်တဲ့ သဘောပေါ့”
“(ကျွန်တော့) မိသားစုက အရမ်းဝမ်းသာသလို စိတ်လည်း ပူကြတယ်။ ဒေသခံ အာဏာပိုင်တွေက ဘယ်လိုတုံ့ပြန်မလဲ ဆိုပြီးတော့ ပေါ့။ ကျွန်တော် လက်မြှောက် စိတ်ဓာတ်ကျပြီး အနောက်ပိုင်းကို ပြန်သွားမှာကို စိုးရိမ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”
“ဒါတွေ တွေးဖို့တောင် အချိန် မရပါဘူးလေ။ ဒီမှာ တစ်ခုခု လုပ်လို့ ရသရွေ့ကတော့ ကျွန်တော် အသက်ရှင်နေမှာပါ”
ကိုပါစကယ်ရဲ့ အဖေ ၁၉၉၀ လွန်နှစ်တွေ အလယ်လောက်မှာ ဆုံးသွားတဲ့ အခါမှာတော့ ဒီအိမ်ကြီးကို ဆက်လက် ထိန်းသိမ်းဖို့ အားမာန်တွေ မိသားစုမှာ မရှိတော့ပါဘူး။ သားအကြီးဆုံး ဖြစ်တဲ့ ကိုပါစကယ် မြန်မာပြည် ပြန်ရောက်လာ တော့ ဒီဒေသအတွက် ရေရှည်တည်တံ့နိုင်မယ့် ခရီးသွားလုပ်ငန်း စီမံကိန်းတွေကို ကုလသမဂ္ဂအဖွဲ့ရဲ့ International Trade Council နဲ့ လုပ်ဆောင်နေတဲ့ အပြင် အိမ်ကိုလည်း ပြန်ပြီး တာဝန်ယူနေပါတယ်။
“မိသားစု အိမ်ဦးစီး မရှိတော့ အိမ်မှာ ဘယ်သူကမှ စီစဉ်မယ့်သူ မရှိဘူး။ ကျွန်တော် ကိုယ်တိုင်ပြန်လာရတယ်”
“အဲဒါလေးက ဟန်ချက်ညီဖို့ အတော်တော့ သတိထားရတယ်။ အရင်တုန်းကလို စစ်မှန်တဲ့ ပုံစံ ပြန်ဖြစ်စေချင် ပေမယ့် အိမ်မှာ နေတဲ့ သူတွေ အတွက် (ပြတိုက်ထဲက) ပြထားတဲ့ ပစ္စည်းတွေလိုမျိုး သူတို့ကို မခံစားစေချင်ဘူး။ ပစ္စည်းတွေက တခါတလေ ထွက်သွားလိုက်၊ ပြန်လာလိုက် တွေ့ရတဲ့ အသက်ဝင်နေတဲ့ ပြတိုက်ပုံစံမျိုး ဖြစ်စေချင်တယ်။ ဒီအိမ်ဟာ ကျွန်တော်တို့ ဆွေမျိုးတွေ၊ လူမျိုးစုတွေ အတွက် အရေးကြီးတဲ့ နေရာဆိုတာ သူတို့ သိစေချင်တယ်”
“ဒီနေရာက ကလေးတွေ အားလုံးရဲ့ တစ်ကယ့် မွေးရပ်မြေပါ။ မောင်နှမ ၁၀ ယောက်ကို မွေးခဲ့တဲ့ နေရာ” လို့ ပြောရင်းနဲ့ ကိုက်ခဲနာကျင်တာပျောက်တဲ့ ဆေးတွေ မပေါ်ခင် အချိန်တုန်းက အမျိုးသမီးတွေဟာ ကလေးမွေးချိန်မှာ ပြင်းပြင်းထန်ထန် နာကျင်တာတွေကို သက်သာအောင် ရိုးရာဓလေ့နည်းတွေကို သုံးကြောင်းရှင်းပြပါတယ်။
“ကလေးတွေမွေးတိုင်း အမေက မီးဖိုချောင်မှာ လာနေတယ်။ အဲဒီမှာ မီးရယ်၊ မြေအိုးတွေရယ် ရှိတယ်။ အဖေက ကျောက်တုံး တစ်တုံးကို (မီး) ကင်၊ နီလာရင် မြေအိုးထဲကို ထည့်ပြီး အမေက အဲဒီမြေအိုးအပေါ်မှာ ထိုင်ရတယ်”
“ကလေး မွေးလာရင် ချက်ကြိုးကို ဖြတ်၊ အခြောက်ခံပြီးတော့ မြှုပ်တယ်”
“မြွေအကြီးကြီးတွေ ရှိတာကို မှတ်မိတယ်။ အခုထက်ထိ တစ်ကောင် ကျန်သေးတယ်လို့ ထင်တယ်။ အစောင့် အရှောက်အနေနဲ့ ထားထားတာ။ ဝက်ခြံအနီးအနားမှာ ပုန်းခိုနေတယ်လေ။ တခြားမြွေတွ ကတော့ သစ်ပင်အပေါ်မှာပဲ။ အစိမ်းရောင်တွေ။ သူတို့က ငှက်တွေကို စောင့်နေတာ”
အိမ်မကြီးရဲ့ အဝင်မှာ ကျဉ်းမြောင်းတဲ့ အပေါက်ကလေး တစ်ခုကို တွေ့ရပါတယ်။ အပေါက်ကလေးဟာ သေးလွန်းလို့ ၀မ်းလျားမှောက်ပြီး စာတိုက်ပုံးထဲကို အထုပ်တစ်ထုပ်ထဲ့သလို ကိုယ့်ခန္ဓာကိုယ်ကို ပြားပြားလေးထည့်မှ ဝင်လို့ ရတယ်။ အဲဒါကတော့ အိမ်က ဗုံးခိုကျင်းပါပဲ။ ကြည့်လိုက်ရုံနဲ့တင် အသက်ရှု ကျပ်လာသလိုပါပဲ။
“အပေါက်က သေးသေးလေး။ ပြည်တွင်းစစ်တွေ ဖြစ်တုန်းက ပစ်တာခတ်တာတွေ ရှိရင် ကျွန်တော်တို့ အဲဒီအထဲကိုပဲ သွားကြတာ။ ၁၉၆၀ လွန်နှစ်တွေ အဆုံးပိုင်းတုန်းကလို့ ထင်တယ်။ ကျွန်တော်က ၂ နှစ်၊ ၃ နှစ် ပဲ ရှိသေးတာပေါ့”
“ကျွန်တော်က အဖေနဲ့ အဖိုးရဲ့ ရှေးပစ္စည်းတွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတာ”
“ဒါက ကျွန်တော့ အဖိုးရဲ့ ဗြိတိသျှလုပ် ရှေးခေတ် စစ်သုံး သေနတ်ပါ။ သူ့ရဲ့ သမိုင်းက အလွန်စိတ်ဝင်စားစရာ ကောင်းတယ်”
“ဒီသေနတ်က အနှစ် ၂၀ဝ လောက် ရှိပြီ။ ပထမ ဒါမှ မဟုတ် ဒုတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲကနေပြီး ဒုတိယ ကမ္ဘာစစ် အထိ ဒီသေနတ်ကို သုံးနေတုန်းပဲ။ အဲဒီတော့ စစ်ဖြစ်တော့ ဗြိတိသျှတွေက တိုင်းရင်းသား မျိုးနွယ်စု တချို့ကို သင်ပေး တယ်။ ပြီးတော့ စက်သေနတ် အစား ဒီပြောင်းချော သေနတ်ကို ပေးတယ်”
“ဗြိတိသျှတွေက သူ့ကို (ဒီသေနတ်) ပေးခဲ့တာ။ သူ ပစ်ခတ်ဖူးတဲ့ ဂျပန်တွေ (အရေအတွက်ကို) ဒီမှာ အမှတ်အသား လုပ်ထားခဲ့တယ်” လို့ သေနတ်ပြောင်းပေါ်မှာ ရေးရေးလေးသာ မြင်ရတော့တဲ့ ထစ်ထားတဲ့ အရာလေးတွေကို ပြရင်းပြောပါတယ်။
“တစ်၊ နှစ်၊ သုံး…၊ …..၊ ဂျပန်အယောက် ၂၀ လောက်တော့ ရှိမှာ သေချာတယ်”
“သေနတ်ရဲ့ ပုံသဏ္ဌာန်က အနောက်တိုင်း လူမျိုးတွေ အတွက် ဆိုတော့ အရှေ့တိုင်းသားတွေ အတွက်က အရမ်း ရှည်နေတယ်”
“ဂျပန်တွေက ရိုင်ဖယ်တွေ သုံးတော့ ဒီလို လုပ်လို့ ရတယ်” လို့ ဆက်တိုက် အမြန်ပစ်လို့ ရတဲ့ ပုံစံကို သေနတ်ကို ကိုင်ပြရင်း ခြေဟန်လက်ဟန်နဲ့လုပ်ပြပါတယ်။
“ဒီဟာက ယမ်းထည့်ဖို့၊ အဲဒါက ၂ မိနစ် အနည်းဆုံး ကြာတယ်။ တစ်ယောက်ကို ပစ်သတ်၊ ပြီးရင် ထွက်ပြေး၊ နောက်တစ်ယောက်လာ၊ ယမ်းထည့် ပြီးတဲ့ အထိ စောင့်ပြီး နောက်တစ်ခါ ပစ်ရတယ်။ အတော်မလွယ်တာနော်”
“နောက်ပိုင်းကျတော့ အဖိုးက အမဲလိုက်တဲ့ အခါမှာပဲ သုံးတော့တယ်။ ဒီတိရစ္ဆာန်တွေက ဒီသေနတ်နဲ့ ရခဲ့တာပေါ့” လို့ မိသားစု အိမ်နံရံမှာ ချိတ်ထားတဲ့ ချိုတွေကို ကြည့်ရင်း ပြောပါတယ်။
“(ကျွန်တော်တို့ တောထဲမှာ နေတုန်းက) M-16 အော်တိုမက်တစ် သေနတ်ကို သုံးတယ်။ သူတို့တွေက ပိုတိုပြီး အရမ်း မြန်မြန်လည်း ပစ်လို့ ရတယ်။ ဒါပေမယ့် တိကျမှု ပိုနည်းတယ်”
(သူ့ရဲ့ သေနတ်ပေါ်မှာရော အထစ်တွေ ထစ်ထားခဲ့လား) “(ထစ်ထားဖို့) မဖြစ်နိုင်ပါဘူး”
“(အဖိုးက) ဓာတ်ပုံထဲက အတိုင်းပဲ။ တည်ငြိမ်ပြီး မျက်နှာထားတင်းတယ်”
ကိုပါစကယ်ရဲ့ အဘွား (အဖိုးရဲ့ အမေ) ဟာ ခရစ်ယာန်ဘာသာကို ဟိုးအစောကြီးကတည်းက ပြောင်းလိုက်ပြီးတော့ ခရစ်ယာန် သာသနာပြု ဘုန်းကြီးတွေနဲ့ အတူ ဒီနေရာကိုရောက်လာတာပါ။ အဲဒီမှာ မိုးဗြဲစော်ဘွားက ဒီနေရာမှာ လူနေမှု အသိုင်းအဝိုင်း အသစ်တစ်ခု တည်ထောင်ခွင့်ပေးခဲ့တယ်။ ဒါ့အပြင် အီတလီကလာတဲ့ ခရစ်ယာန် သာသနာပြုတွေ အတွက်လည်း မြေပေးရာမှာ ဆန်းဆန်းပြားပြား နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။
“စော်ဘွားက သူတို့ကို နွားတစ်ကောင်ရဲ့ သားရေကို ပေးပြီးတော့ “ဒီသားရေကို ကြိုးဖြစ်အောင်ဖြတ်၊ ပြီးရင်ရတဲ့ ကြိုးတွေကို ဆက်ပြီး ကြိုးတွေ ဝိုင်းပတ်လို့ ရတဲ့မြေကို ယူလို့ ရတယ်” လို့မိန့်လိုက်တယ်။ သူတို့ ဧက ၂၀ လောက်ရတယ်”
“ကျွန်တော့အဖိုးက သူကြီး ဆိုတော့ ဘုရားကျောင်းနဲ့ အနီးဆုံးဖြစ်တဲ့ ဒီမြေကိုရတယ်”
“အီတလီလူမျိုးတွေက ထောပတ်သီးတွေ ယူလာတယ်။ ပါစတာဆိုတဲ့ အီတလီခေါက်ဆွဲ၊ ဆလာမီဆိုတဲ့ အူချောင်းတစ်မျိုး အပြင် ဖာဂျီယိုလီဆိုတဲ့ ပန်းရောင်သန်းတဲ့ပဲ ကိုလည်း သူတို့ ယူလာတယ်။ အာလူး၊ သြဇာသီးနဲ့ ကော်ဖီရောပဲ”
“(ကျွန်တော်တို့) လူမျိုးစုတွေက တောင်ပေါ်မှာ နေကြတာ များတယ်။ တခါတလေ မြေပြန့်ကို ဆင်းလာပြီး မြေတွေ ပြန်လာယူကြ တယ်။ အဲဒီလိုနဲ့ပဲ ဒီနေရာက စခဲ့တာ။ (ဖယ်ခုံ) က စပြီး အခြေချတော့ ၁၀ မိသားစု လောက်ပဲ ရှိမယ်လို့ ထင်တယ်”
“အကြောင်းရှိလို့ ဆေးရုံသွားစရာရှိလို့ မြို့ပေါ် တက်လာတဲ့သူတွေ အိမ်မှာ လာနေကြရင် သူတို့ရဲ့ ကြက်တွေ၊ ဝက်တွေ ယူလာတတ်တယ်။ အရင်တုန်းက ပိုက်ဆံက အဓိက မဟုတ်ဘူးလေ။ အဲဒီတော့ အသီးအရွက်တွေတို့ ဘာတို့ ယူလာကြတာ”
“အရင်တုန်းက ဓလေ့ထုံးတမ်းတွေကို ပြန်ပြီး အသက်ဝင် နိုးကြွလာစေချင်ပါတယ်။ အရင်တုန်းက လူစုခေါင်းဆောင်တွေ အလုပ် လုပ်သလိုပေါ့”
ရှေ့အနာဂတ်မှာ ပေါ်လာမယ့် စိန်ခေါ်မှုပေါင်းစုံကို ကြိုတင်တွေးရင်းနဲ့ ကိုပါစကယ်ဟာ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် ရှိနေ ပါတယ်။ ဒါပေမယ့် သူမှာ သံမဏိလို ခိုင်မာတဲ့ ဇာတိသွေး ရှိနေတာ တွေ့ရပါတယ်။ သူ့အကျင့်အတိုင်း မကြာခဏ ရယ်မောလိုက်ရင် ရှေ့သွား ၂ ချောင်း လပ်နေတာကို တွေ့ရမယ်။ အဲဒါက သူ့သားငယ်လေး ဆော့လို့ သွား၂ ချောင်း ပြုတ်ထွက်သွားတာပါ။
“ကျွန်တော်လူတွေကို အကူအညီပေးနေတာကို မကြိုက်ကြတဲ့ ဒေသခံ လူကြီးတချို့ ရှိတယ်။ ကျွန်တော်ကတော့ သိပ်ပြီး ဂရုမပြု ပါဘူး။ စာပေ၊ ယဉ်ကျေးမှုနဲ့ လူမှုအသင်းအဖွဲ့တွေ အကြောင်း လာမေးမှ ကျွန်တော် အကြံပေးတာပါ” လို့ ဆိုပါတယ်။
“ဒေသခံလူစုတွေ အပေါ် မူတည်တဲ့ ခရီးသွားလုပ်ငန်းတွေ ကျွန်တော်တို့ ရွာတွေမှာ လုပ်တဲ့အခါမှာ ဒီလုပ်ငန်းတွေ တကယ် ရေရှည် တည်တံ့ချင်တယ် ဆိုရင် သူတို့ရဲ့ အသိုင်းအဝိုင်း၊ သူတို့ရဲ့ ရိုးရာတွေနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ် ဆိုတာ စိတ်ထဲမှာ အမြဲတမ်း ထားရတယ်။ ပိုက်ဆံရဖို့ စီးပွားရေးကတော့ လုပ်လို့ ရတာပေါ့။ ဒါပေမယ့် ဒေသခံတွေကို အကျိုးမပြုဘူးလေ”
(မေ ၂၀၁၆ တွင် မေးမြန်းခဲ့ပါသည်။)