မြန်မာနိုင်ငံ အရှေ့ဘက်ပိုင်းရှိ တောင်တန်းတွေကြားက ထူထပ်တဲ့ သစ်တောတွေ၊ လှေခါးထစ် လက်ဖက်စိုက်ခင်း တွေ ဝိုင်းရံလို့ နေတဲ့ ရွာကလေးတရွာမှာ အန်တီနန်စီလို့ လူသိများတဲ့ ဒေါ်နန်စီခိုင်ရဲ့ ဧည့်ဂေဟာလေးကို တွေ့နိုင် ပါတယ်။ ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ခိုက်ရင်း တစ်ကမ္ဘာလုံးမှာ အရှည်လျားဆုံး ပြည်တွင်းစစ် ဖြစ်လာလို့ တပ်မတော်က နှစ်ရှည်လများ အထီးကျန်အောင် ထားခဲ့တာကို ကြံ့ကြံ့ခံပြီး ပေါ်လာတဲ့ ဧည့်ဂေဟာလေး ပါ။
ပဋိပက္ခတွေ ဖြစ်ချိန်မှာ “အနက်ရောင်နယ်မြေ” အဖြစ် ဆယ်စုနှစ် များစွာ သတ်မှတ်ခံခဲ့ရတဲ့ သံတောင်ကြီးမှာ အတိတ်က စစ်ပွဲတွေရဲ့ အရိပ်တွေဟာ အခုအချိန်အထိ တွေ့ရဆဲပါပဲ။ နိစ္စဓူဝ စစ်သားတွေနဲ့ တွေ့နေရဆဲ ကြုံနေရဆဲ ပါ။
မြို့ကို သွားဖို့ တောင်ငူကနေ ကွေ့ကောက်နေတဲ့ လမ်းအတိုင်း သွားရပါတယ်။ အတက် တစ်လမ်း၊ အဆင်း တစ်လမ်း လုပ်ထားတဲ့ တောင်တက်လမ်းဟာ သံတောင်ကြီးအနီးက အကွေ့မှာ တပ်မတော်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း” ကို ရေးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) တို့ကြား အပစ်အခတ် ရပ်စဲဖို့ သဘောတူညီထားတာကြောင့် ပဋိပက္ခဟာ ဆုံးခန်းသတ်ခဲ့ ပေမယ့် စစ်တပ်ကတော့ မြို့ပြင်မှာ ဆက်လက် တပ်စွဲလျက်ရှိနေခဲ့တာပါ။
ပြင်ပကလူတွေ သံတောင်ကြီးကို လာဖို့ အလွန် ခက်ခဲခဲ့ပေမယ့် ခံ့ညားပြီး ဆွဲဆောင်နိုင်တဲ့ ကျက်သရေရှိပြီး၊ ထင်ရှားပေါ်လွင် ကောင်းမွန်တဲ့ အင်္ဂလိပ်စကားသံနဲ့ အန်တီနန်စီကတော့ သူ့ရဲ့ ဧည့်ဂေဟာ တံခါးကို အမြဲ ဖွင့်ထားခဲ့ ပါတယ်။
ခရီးသွားတွေ အတွက် ဆွဲဆောင်မှု အရှိဆုံးကတော့ ‘မြင့်မြတ်တယ်’ လို့ ဒေသခံတွေက ယုံကြည်တဲ့ တောင်ရယ်၊ မြို့ကို စီးပြီးကြည့်လို့ ရတဲ့ နေရာမှာ ၉၀ နှစ်လွန် အတွင်းက ဆောက်ပြီး အခုတော့ စွန့်ပစ်ထားတဲ့ မပြီးသေးတဲ့ ဇိမ်ခံဟိုတယ် အဆောက်အဦးတွေရယ် နဲ့ ကြည်လင်သန့်ရှင်းတဲ့ လေ တို့ပါပဲ။
ဗြိတိသျှခေတ်တုန်းက ရေပန်းစားခဲ့တဲ့ ဒီတောင်ပေါ်ရွာလေးဟာ အပူရှိန်ပြင်းတဲ့ ရန်ကုန်နွေရာသီမှာလာပြီး အနားယူ အပန်းဖြေတဲ့ နေရာကလေးပါ။ တစ်ချိန်တုန်းက ဒီတောင်ကုန်းတွေပေါ်မှာ ခန်းနားတဲ့ အိမ်တွေ အများအပြားရှိပြီး လုံလောက်တဲ့ ဗြိတိသျှကလေးတွေ ရှိလို့ သီးသန့်ကျောင်းတောင် ဖွင့်ခဲ့ပါတယ်။ အန်တီနန်စီရဲ့ အဖေက အဲဒီ ကျောင်းကား မောင်းသူပါ။ အခု စစ်တပ်လက်အောက်မှာ ရှိနေတဲ့ လက်ဖက်ခြောက်စက်ရုံ အနီရောင် အုပ်တိုက်ကြီး က လွဲလို့ အဲဒီခေတ်တုန်းက အမှတ်လက္ခဏာတွေ သိပ်မကျန်တော့ပါဘူး။
ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေ ဝင်လာတော့ ဗြိတိသျှတွေ ဒီကနေ ထွက်ခွာသွားတာဟာ စစ်ပြီးတဲ့ အချိန်အထိ ပါပဲ။ ဂျပန်တွေ တတ်ဆုတ်တော့ တစ်ခါ ပဋိပက္ခက ပြန်ပေါ်လာပြန်ပါတယ်။ ဒီစစ်တပ်နှစ်ခုရဲ့ ကြမ်းတမ်းတဲ့ တိုက်ပွဲတွေ ဟာ အန်တီနန်စီနဲ့ သူ့ရဲ့မိသားစုအတွက်တော့ ဒုက္ခကြီးစွာ ပေးခဲ့ပါတယ်။
“ကျွန်မကို ၁၉၂၂ မှာ တောင်ပေါ်မှာ မွေးဖွားတာ။ ကျွန်မအဖေက ၆ တန်းပဲ အောင်တယ် ဒါပေမယ့် ဒီတောင်ပေါ်မှာ သူက ကျောင်းဆရာ။ သူက ကျောင်းဆရာကောင်း တစ်ယောက်ပါ။ လုပ်သမျှ အလုပ်တိုင်းက အရမ်းတိကျတယ်။ သူက ကားလည်း မောင်းတတ်တယ်။ အကုန်လုပ်တပ်တယ်။ ကျွန်မ မွေးတော့ အဖေက (မိသားစုပိုင်တဲ့ တောင်တွေ ကြားက ခြံမှာ)။ ကျွန်မကိုလည်း အဲဒီမှာ မွေးတာ။ ဒါပေမယ့် ၁ နှစ် ၂ နှစ် ကြာတော့ သံတောင်ကြီးကို ပြန်လာတယ်”
“အရင်တုန်းကဆို မျောက်တွေ ပြေးနေတာ မြင်ရတယ်။ အခုတော့ မြို့ဖြစ်လာပြီ၊ တောတွေ မရှိတော့ဘူး။ မျောက်တွေ သမင်တွေ တစ်ကောင်မှ မမြင်ရတော့ဘူး။ ဘယ်မှာမှကို မမြင်ရတော့ဘူး”
“ကျွန်မအဖေက ကျောင်းဘတ်စ်ကားကိုလည်း မောင်းတယ်။ တခါတလေ သူနဲ့ လိုက်ကြည့်တယ်၊ တောင်ပေါ်တက်ပြီး ကျောင်းသားတွေနဲ့ ဆော့ ပေါ့။ အကုန်လုံးက ဗြိတိသျှတွေ။ သူတို့က ကရင်တို့ တခြား လူမျိုးတွေကို တစ်ယောက်မှ လက်မခံဘူး။ အစိုးရဝန်ထမ်းတွေပဲ လက်ခံတာ။ အဲဒီတုန်းကတော့ ဗြိတိသျှလူမျိုးချည်းပဲ ပေါ့”
“ဒီက လူတွေကို သူတို့က အပေါ်ရံကနေတာပေါ့။ အိမ်တွေကိုလည်း တောင်ကုန်းတွေပေါ်ကြီးမှာပဲ ဆောက်တာ။ တောင်ကုန်းတစ်ကုန်း အိမ်တစ်အိမ်၊ တောင်ကုန်းတစ်ကုန်း အိမ်တစ်အိမ်။ အရမ်းလှတာ။ ဂျပန်တွေလည်း ဝင်လာရော အိမ်တွေ အကုန် လုတယ်။ တခါ ဗမာတွေလည်းလာရော အခြေခံအုတ်မြစ် ကျောက်တုံးတွေ အကုန်ယူသွားတယ်။ ဗြိတိသျှ အဆောက်အအုံတွေ သဲလွန်စ ဘာမှ မကျန်ခဲ့ဘူး။ လက်ဖက်ခြောက် စက်ရုံနဲ့ ခံတပ်ပဲ ကျန်တယ်”
“(ကျွန်မ) အမေက အိမ်ကို ကြည့်ပြီး အရောင်းအဝယ်ကလေး လုပ်တယ်။ သူတို့တွေက ကွမ်းရွက်တို့၊ နှမ်းစေ့တို့၊ ဒူးရင်းသီးတို့ ဘာတို့ ယူလာတယ်။ ဖလှယ်တာပေါ့။ အရင်က အဲဒီလိုပဲ နေတာ။ သူတို့က အဲဒါတွေ ယူလာတယ်၊ ကျွန်မတို့က တောင်ငူက ပါလာတဲ့ ငါးပိတို့၊ ဆန်တို့၊ သကြားနဲ့ ဆားတို့ လှယ်တာပေါ့”
“အခုတော့ ဘတ်စ်ကားတွေကို အများကြီးပဲ။ အဲဒီတုန်းက ၂ စီးပဲ ရှိတယ်။ အတက် တစ်စီး၊ အဆင်း တစ်စီး”
“ကျွန်မတို့ တောင်ငူမှာ ကျောင်းတက်တယ်။ ၃ တန်းလား၊ ၄ တန်းလား မသိဘူး။ ကျောင်းသွားတက်တာ မှတ်မိတယ်။ အဲဒီတုန်းက ကျွန်မက စာတော်တော့ ဆရာမတွေက ကျွန်မကို ချစ်တယ်။ ပိုပြီး အရေးပေးတယ်။ ကြွားတာ မဟုတ်ဘူး နော်”
“၁၀ တန်းအောင်ပြီးသွားတော့ ဆရာ သင်တန်းကျောင်းကို တစ်နှစ် တက်တယ်”
“တောင်ငူမှာ တစ်နှစ်ဆရာမလုပ်တယ်။ ပြီးတော့ ဂျပန်တွေရောက်လာပြီး တောင်ငူကို ဗုန်းတွေခွဲရော။ အဲဒါက ၁၉၄၂ မှာ။ တောင်ငူဗုန်းခွဲခံရတော့ အကုန်လုံးက သံတောင်းကြီးမှာ လာခိုလှုံကြတယ်”
“နိုင်ငံရေး အကြောင်းဘာမှ မသိဘူး။ ဘာအကြောင်းမှ မသိဘူး။ ကျောင်းတွေကလည်း ပိတ်။ ဗီဒိုထဲမှာ ရှိတဲ့ ကိုယ့် ပစ္စည်းတွေတောင် သယ်ဖို့ အချိန်မရဘူး။ အကုန်လုံး မီးလောင်ကုန်တာ”
မကြာခံမှာပဲ ဂျပန်စစ်တပ်တွေဟာ ဗြိတိသျှတွေကို တိုက်ခိုက်ရာမှာ စစ်ပွဲတွေဟာလည်း တောင်ပေါ်ကို ရောက်လာ ပါတော့တယ်။ အရင်တုန်းက အထီးကျန်ပြီး အိပ်မောကျနေခဲ့တဲ့ သံတောင်ကြီးဟာ ရုတ်တရက် မုန်တိုင်းအလည်ကို ရောက်လာတော့ ဒေသခံတွေက အထုပ်အပိုးတွေနဲ့ တောထဲကို ထွက်ပြေးခဲ့ကြရပါတယ်။
“သူတို့က ဒီကို ဂျပန်တွေ မရောက်နိုင်ဘူးလို့ ထင်ထားကြတာ။ ဒါပေမယ့် လာတာမှ အများကြီးပဲ။ တစ်မြို့လုံးပေါ်ကို။ အဲဒီတုန်းက ဗြိတိသျှရော အိန္ဒိယရော ဂေါရခါးတွေရော အများကြီးပဲ”
“လက်ဖက်ခြောက် စက်ရုံမှာတောင် အပစ်အခတ်တွေ ဖြစ်ကြသေးတယ်”
“နောက်တော့ မတွေ့ရတော့ဘူး။ ကျွန်မတို့ တောထဲမှာ သွားပုန်းကြတာ”
အဲဒီအချိန်တုန်းက အန်တီနန်စီဟာ ပထမရင်သွေးနဲ့ ကိုယ်ဝန် ရင့်မကြီးပေါ့။ ဒါပေမယ့် သူ့ရဲ့ အစားအသောက်နဲ့ ပစ္စည်းတွေကို ကိုယ်တိုင်သယ်ပြီး လုံခြုံရာကို ရောက်အောင် ပင်ပင်ပန်းပန်း လမ်းလျှောက်ခဲ့ရတယ်။
“ဘာမှကို မသိဘာ။ ဗိုက်ကလည်း အကြီးကြီး ဘာမှလည်း မမြင်ရ။ ကူပေးမယ့်သူလည်း ဘယ်သူမှ မရှိဘူး။ လူခန့်ဖို့ကလည်း အကုန်လုံးက သူတို့ဟာနဲ့ သူတို့”
“သားအကြီးဆုံးက တောထဲမှာ မွေးလာတာ။ ဘုရားရှင်နဲ့ အကူအညီနဲ့ အားလုံး ချောချောမောမောပဲ”
တိုက်ပွဲတွေ ရပ်သွားတော့ ဒေသခံတွေက သံတောင်ကြီးကို ပြန်လာချိန်မှာ မြို့ဟာ ဂျပန်စစ်တပ်ရဲ့ လက်အောက်ကို ရောက်နေပါပြီ။ ဘဝတွေ ဆက်သွားကြတယ်။ စစ်ပြီးသွားတော့ မဟာမိတ်တပ်တွေက မြန်မာနိုင်ငံကို ပြန်ဝင်လာ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာမျိုးချစ်တွေ အကူအညီနဲ့ ပေါ့။ တစ်ခါ တောင်တန်းတွေ ကြားမှာ စစ်ပွဲတွေ ပြန်ညံ လာပြန်တယ်။ တိုက်ပွဲမှာ ရှုံးတော့ ဂျပန်စစ်တပ်တွေဟာ ဒေသခံတွေ အပေါ် လက်စားချေခဲ့ပါတယ်။
“ဂျပန်တွေက ကျွန်မအဖိုးကို သတ်ပြစ်လိုက်တယ်” လို့ မျက်ရည်တွေကို မကျအောင် တင်းထားရင်း အတိတ်က အကြမ်းဖက် သတ်ဖြတ်ခံရမှုကို သတိရ ဒေါသဖြစ်ရင်း ပြောပါတယ်။
“ပထမ တစ်ရက်တုန်းက ဂျပန်တွေက ကျွန်မအဖိုးကို ဒီလမ်းမပေါ်မှာတင် သတ်ပစ်လိုက်တာ။ ဒုတိယနေ့ ကျတော့ အဖေ့ကို သတ်တယ်”
“ကျွန်မက ဒီမှာအိမ်ရှိတော့ အိမ်ထဲမှာ နေနေတာ။ အဖေနဲ့ အမနဲ့က ဘုရားကျောင်းမှာ။ သူတို့က လမ်းပေါ်ကို ဆင်းလာဖို့ ခေါ်တယ်။ ကားသွားတဲ့ လမ်း။ ပြီးတော့ သူ့လည်ပင်းကို ဖြတ်ပစ်လိုက်တယ်” လို့ သူ့လည်ပင်းကို လက်နဲ့ ဖြတ်တဲ့ပုံ လုပ်ပြီး ပြောပါတယ်။
“ဘာကြောင့် သတ်ပစ်လိုက်သလဲ မသိဘူး။ ဒါပေမယ့် အဖေရော အဘိုးရောကို သတ်ပစ်တယ်။ ဗြိတိသျှ သူလျှိုလို့ ထင်လို့ ဖြစ်ရင်လည်း ဖြစ်မှာပေါ့လေ”
စစ်တွင်းကြေက်မက်ဖွယ် အဖြစ်အပျက်တွေ ပြီးတော့ တစ်ခါ ဗြိတိသျှဆီကနေ လွတ်လပ်ရေးရဖို့ ဆွေးနွေး ညှိနှိုင်း ချိန်မှာ ကရင်သူပုန်တွေဟာ လက်နိုင်ကိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုရအောင်တောင်းတော့ ပြည်တွင်းစစ် ဆက်ဖြစ် ပါတယ်။ ပြင်ပကလူတွေရဲ့ နှိပ်စက်မှုတွေကို နှစ်များစွာ ခံရပြီးတဲ့နောက် သံတောင်ကြီးဟာ အထီးကျန်ဆန်သွား ပြန် ပါတယ်။ တောတောင်တွေ ကြားမှာလည်း သေနတ်သံတွေ ပျံ့နှံ့နေလို့ ပေါ့။
၁၉၆၂ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တစ်နိုင်ငံလုံး မီးမှောင်ကျသွားပါတယ်။
အန်တီနန်စီတို့ မြို့မှာတော့ ဒီလိုပဲ ဆက်လက် ရှင်သန်ကြပြီး စစ်တွင်းက တွေ့ခဲ့တဲ့ သူ့အမျိုးသားနဲ့ မိသားစု ထူထောင် ခဲ့ပါတယ်။
“သွားရင်းလာရင်းနဲ့ သူနဲ့တွေ့ခဲ့တာ။ သူ့ကို မသိဘူး။ သာယာဝတီက လာတာကိုး။ အဝေးကြီးပဲလေ။ ဒါတောင်မှ တွေ့တယ် ဆိုတော့ ဘုရားသခင်ကြောင့်ပေါ့။ သူက တော်ဝင်လေတပ်မှာ အလုပ်လုပ်ခဲ့တယ်”
“အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့။ မပိန်မဝ။ အနေတော်ပဲ။ သူက အရမ်းကို ချောတာ။ အဲဒီတုန်းက လူချော ၂ ယောက် ရှိတယ်။ အရမ်းချောတဲ့ ရဲအရာရှိရယ်၊ ကျွန်မရဲ့ အမျိုးသားရယ်။ သူတို့ ၂ ယောက်ကို ဘယ်သူမှ မယှဉ်နှိင်ဘူး”
“သူ့ကို တွေ့တော့ တစ်ခုခု ဖြစ်သွားတယ်။ ရယ်တော့ ရယ်စရာပဲ။ လူတစ်ယောက်ကို ချစ်သွားပြီဆိုရင် ကိုယ့်ကိုကိုယ် မသိတော့ဘူး၊ နှလုံးခုန် မြန်လာတယ်” လို့ ပြုံးရင်း ပြောပါတယ်။ ပြီးတော့မှ သူ့ကိုသူ့ သတိရပြီး ရယ်ပါတယ်။
“ကျွန်မက ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြနေတာ”
သူတို့ လင်မယားဟာ အစိုးရရဲ့ များပြားလှတဲ့ စည်းမျည်းစည်းကမ်းတွေ ကြားက လာနိုင်တဲ့ ခရီးသည်တွေ နည်းပေမဲ့ အိမ်မှာ ဧည့်ဂေဟာ အသေးလေး တစ်ခုကို ဖွင့်ခဲ့ပါတယ်။
“ကျွန်မတို့ အိမ်တစ်အိမ်ပဲ (ဧည့်ဂေဟာ) ရှိတာ။ ကုလသမဂ္ဂက လူတွေ၊ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ဝန်ထမ်းတွေ လာလည်တယ်။ ပျော်စရာကြီး။ သင်္ကြန်ပိ တ်ရက်တွေမှာ ၁၀ ရက်လာတယ်။ နှစ်တိုင်းပဲ”
“(အမျိုးသားက) စကားပြော အရမ်းကောင်းတာ။ စကားလည်း ပြောတယ်၊ ရီစရာတွေလလည်း ပြောတယ်။ ကျွန်မက ရိုးတယ်၊ အဲဒီလိုတွေ မလုပ်တတ်ဘူး”
“၁၉၈၄ မှာ သူ ဆုံးသွားတယ်။ ၃၂ နှစ် တောင်ကြာပြီ။ ကြာလှပြီပေါ့”
သူတို့လင်မယားမှာ ကလေး ၈ ယောက်ရှိပြီး တစ်ချို့တွေကတော့ မွေးရာဇာတိရဲ့ အဝေးကြီးကို ရောက်နေကြပါပြီ။
“ကျွန်မသားနဲ့ သူ့အမျိုးသမီးက သမီး ၂ ယောက်နဲ့ ဟာဝါယီမှာနေတယ်။ သမီးတစ်ယောက်က သူနာပြုဆရာမ၊ ဂျပန် အမျိုးသားနဲ့။ နောက်တစ်ယောက်ကတော့ ပါမောက္ခ” လို့ အန်တီနန်စီက ပြောပါတယ်။
မိသားစုတွေကြောင့် စင်ကာပူနဲ့ ဟောင်ကောင်ကို သွားလည် ဖူးခဲ့တဲ့ အန်တီနန်စီဟာ သံတောင်ကြီးက အိမ်မှာ အေးအေးဆေးဆေး နေရတာကို ပိုသဘောကျပါတယ်။ ဒါပေမယ့် အပြင်ကမ္ဘာနဲ့ အဆက်အသွယ်ရှိနေတာက သူ အနှစ်ခြိုက်ဆုံး နှုတ်ခမ်းနီကို ရနိုင်ခွင့်လည်း ရှိတာမို့ ပိုသဘောကျပါတယ်။
“ရှနယ်က အကောင်းဆုံးပဲ” လို့ နားလည်ကျွမ်းကျင်စွာနဲ့ ဆိုပါတယ်။
“အသက် ၉၅ နှစ်တောင် ရှိပြီးမှ နှုတ်ခမ်းနီ ဆိုးနေတုန်းပဲ ဆိုပြီး လူတွေက ရီကြတယ်။ မနက်တိုင်း စောစောထပြီး သနပ်ခါးလိမ်းပြီး နှုတ်ခမ်းနီဆိုးတယ်။ လူတွေက တွေ့တိုင်း ကျွန်မရဲ့ နှုတ်ခမ်းနီ အကြောင်း ပြောတယ်။ ဒီကလူတွေ မသုံးကြဘူးလေ။ ကွမ်းပဲ သုံးတယ်။ ကျွန်မက အဲဒါတွေကို မထိတော့ နှုတ်ခမ်းနီပဲ သုံးတယ်”
အန်တီနန်စီရဲ့ ဧည့်ဂေဟာလေးဟာ အခုတော့ ကြီးထွားစည်ကား လာပါပြီ။ အသက်ရလာလို့ သူ့ဧည့်ခန်းကနေ အဝေးကြီးကို မသွားနိုင်တော့ပေမယ့် သံတောင်ကြီး လူမှုအသိုင်းအဝိုင်းရဲ့ အဓိကမှာ နေရာယူထားဆဲ ပါပဲ။
“ကျွန်မကို တွေ့ဖို့ ဧည့်သည်တွေ ခေါ်ခေါ်လာတယ်။ ကျွန်မတို့က တစ်ကယ့်အရေးကြီးတဲ့ လူတွေကျနေတာပဲ” လို့ သံတောင်ကြီးမှာ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ ကြိုးစားနေတဲ့ လာလည်တဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တစ်ဦးကို ပြောလေရဲ့။
“အသက် ၉၅ နှစ်တောင် ရှိပြီးမှ နှုတ်ခမ်းနီ ဆိုးနေတုန်းပဲ ဆိုပြီး လူတွေက ရီကြတယ်။ မနက်တိုင်း စောစောထပြီး သနပ်ခါးလိမ်းပြီး နှုတ်ခမ်းနီဆိုးတယ်။ လူတွေက တွေ့တိုင်း ကျွန်မရဲ့ နှုတ်ခမ်းနီအကြောင်း ပြောတယ်။ ဒီကလူတွေက မသုံးကြဘူးလေ။ ကွမ်းပဲသုံးတယ်။ ကျွန်မက အဲဒါတွေကို မထိတော့ နှုတ်ခမ်းနီပဲသုံးတယ်”
“အခုဘယ်မှမသွားတော့ဘူး။ အိမ်အပြင်တောင်မထွက်နိုင်ဘူး။ သွားရင် ရင်တုန်ပြီး မောတယ်”
“နိုင်ငံရေးကို ကျွန်မလုံးဝမကြိုက်ဘူး။ ဂီတကိုတော့ ကြိုက်တယ်။ အချစ်သီချင်း အေးအေးလေးတွေ ပေါ့။ အခုခေတ်သစ် ဗမာသီချင်းတွေ မကြိုက်ဘူး။ အနောက်တိုင်း သီချင်းတွေ၊ ရှေးဟောင်းရိုးရာသီချင်းတွေကို ကြိုက်တယ်။ ပတ်ဘူးန်း ကို ကြိုက်တယ်” လို့ဆိုပါတယ်။
အန်တီနန်စီ ကြိုက်တဲ့ အနောက်တိုင်း အနုပညာရှင်တွေထဲမှာ ရော့ခ်အင်ရိုးလ်ခေတ်က နံမယ်ကြီး အဆိုတော်တွေ တော့ မပါပါဘူး။
“ကျွန်မ အယ်လ်ဗစ် ပရစ်စလေကိုတော့ မကြိုက်ဘူး” လို့ အသေအချာ ပြောပါတယ်။
(စက်တင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)