ရာစုနှစ်တစ်ခုရဲ့ သတင်းထူးကို ရလိုက်သူ

ရာစုနှစ်တစ်ခုရဲ့ သတင်းထူးကို ရလိုက်သူ

တောင်ကြီး၊ ရှမ်းပြည်နယ်။

မကြာခဏ ရယ်မောတတ်တဲ့ ဦးစံအောင်ဟာ အသက်ရှုတဲ့အခါမှာတော့ အတော်လေး အားယူရပါတယ်။ အသက် ၉၃ နှစ်ပြည့်ပြီး သွားပြီဖြစ်တဲ့ ဒီဝါရင့်သတင်းထောက်ကြီးဟာ သူ့အတွက် အကြီးမားဆုံးသော သတင်းရခဲ့ချိန်ကို အခုချိန်ထိ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေပါ သေးတယ်။ မြန်မာ့သမိုင်းကြောင်းမှာ အထင်ကရဆုံး အဖြစ်အပျက်တွေထဲက တစ်ခုဖြစ်တဲ့ ၁၉၄၇ ပင်လုံညီလာခံကို တစ်ဦးတည်းသော သတင်းထောက်အနေနဲ့ မျက်မြင်ကိုယ်တွေ့ တက်ရောက်ခွင့်ရခဲ့တဲ့သူ လို့ အသိအမှတ်ပြုခံရတာပါ။

ဒီဝေးလံခေါင်ခိုက်တဲ့ ပင်လုံဆိုတဲ့ ရှမ်းရွာကလေးမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဟာ မြန်မာနိုင်ငံသူ နိုင်ငံသားအများအပြား အတွက် ကတော့ တိုင်းရင်းသားတွေ ပေါင်းစုညီညွတ်ဖို့အတွက် နောက်ဆုံးမျှော်လင့်ချက်ကြီး တစ်ခုပါပဲ။ နှစ် ရ၀ ကြာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ ရွေးကောက်ပွဲမနိုင်ခင် အထိပေါ့။ ဒီညီလာခံဟာ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်က လွတ်မြောက်ခါနီး အချိန်လေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် လွတ်လပ်ရေးလှုပ်ရှားမှု ခေါင်းဆောင် ဗမာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ချင်း၊ ကချင်၊ ရှမ်းစတဲ့ အရေးပါတဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ ကိုယ်စားလှယ်တွေကို အတူတကွ စုစည်း တက်ရောက်လာစေခဲ့တဲ့ ညီလာခံပါ။ 

တကယ်တမ်းမှာတော့ ပင်လုံမှာ သဘောတူ ကတိပြုခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးတို့ဟာ လုံးဝကို အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ တိုင်းပြည်အနာဂတ် ငြိမ်းချမ်းရေး အတွက် စိတ်ပူဖွယ်ရာကတော့ ဒီညီလာခံကို တိုင်းရင်းသား လူမျိုးစု အားလုံး မတက်ရောက်ခဲ့ကြတာပါပဲ။ မြန်မာအစိုးရ အဆက်ဆက်ကို ဆန့်ကျင်ခုခံခဲ့ပြီး ကမ္ဘာ့အရှည် လျားဆုံး ပြည်တွင်းစစ် တိုက်ခဲ့တဲ့ ကရင်တိုင်းရင်းသားတွေလည်း မတက်ရောက်ခဲ့ပါဘူး။ လွတ်လပ်ရေး မရခင်မှာပဲ တော်လှန်ရေး အမျိုးမျိုးဖြစ်ပွား ပေါ်ပေါက်ခဲ့တဲ့ အပြင် ပင်လုံစာချုပ် ချုပ်ဆိုအပြီး လပိုင်း အတွင်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဝန်ကြီးအများစုဟာ နိုင်ငံရေးပြိုင်ဘက်တွေရဲ့ လုပ်ကြံတာကို ခံလိုက်ရပါတော့တယ်။

ဒီပဋိပက္ခတွေကို အကြောင်းပြပြီး ဦးနေဝင်းဟာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်း ခဲ့ပါတယ်။ အာဏာသိမ်းပြီးတဲ့ ဆယ်စုနှစ် များစွာမှာတော့ ဖိနှိပ်ခြင်း၊ အထီးကျန်ခြင်းနဲ့ ပဋိပက္ခတွေကြောင့် ယုံကြည်မှု ကင်းမဲ့ခြင်းနဲ့ အထွေထွေ ဆင်းရဲမွဲတေခြင်း ဆိုတဲ့ ရလာဒ်တွေပဲ ကျန်ခဲ့ပါတယ်။ ဒီဆိုးကျိုးတွေကို ပိုမိုပြီး ခံစားခဲ့ရတာကတော့ တိုင်းပြည်ရဲ့ မြင်းခွာပုံသဏ္ဍာန်မှာ ရှိနေတဲ့ တိုင်းရင်းသား နယ်စပ်ဒေသတွေပါပဲ။

နှစ်ပေါင်း ၈၀ လောက် အထိ သူ ချစ်ခင်နှစ်သက်ခဲ့ရတဲ့ သတင်းလုပ်ငန်း အကြောင်းကို ပြန်ပြောပြချိန်မှာ ဦးစံအောင်ဟာ လေထဲကို လက်ညှိုး တထိုးထိုးနဲ့ ပျော်ရွှင်ကျေနပ်လို့ နေပါတယ်။ သူဟာ လူစည်ကားတဲ့ တောင်ကြီးမြို့မှာ ရဲအရာရှိ ဖခင်နဲ့ ကျောင်းဆရာမ မိခင်တို့က မွေးဖွားလာတာပါ။ ဆယ်ကျော်သက်အရွယ် မြင်းခြံမှာ ကျောင်းတက်နေတုန်း သတင်းထောက် အငယ်လေး ဖြစ်လာပြီး အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ သူ့ရဲ့ဒေသ ရှမ်းပြည်နယ်က သတင်းတွေကို နိုင်ငံတော် စာစောင်တွေထဲမှာ ပါအောင် ကြိုးစားခဲ့ပါတယ်။

နိုင်ငံရေး အာဏာသိမ်းပြီးတော့ သတင်းထောက် အလုပ် မလုပ်နိုင်တော့တဲ့အခါမှာ အာဏာပိုင်တွေရဲ့ နှစ်ရှည်လများ မျက်စိဒေါက်ထောက် ကြည့်တာကို ခံခဲ့ရပြီး အကျယ်ချုပ်လည်း ချထားခံခဲ့ရပါတယ်။ 

အစိုးရပိုင် စက်ရုံမှာ အလုပ် လုပ်ခဲ့ဖူးပြီး၊ လွှတ်တော်အမတ်လည်း ဖြစ်ခဲ့ဖူးတဲ့ ဦးစံအောင်ဟာ သူ့ကိုယ်သူ သတင်းထောက် လို့ ခေါ်ရတာကို ဂုဏ်ယူနေဆဲပါ။

သူ့ထက် ကိုယ်ခန္ဓာ ကြီးမားတဲ့ အမျိုးတစ်ဦးဆီကနေ ငှားထားတာများလားလို့ တွေးစေတဲ့ မန်ချက်စတာယူနိုက်တက် အနွေးထည်ကြီးကို ဝတ်လို့ ခုတင်ပေါ်မှာလှဲနေပြီး နေမကောင်းပေမယ့် ရှေးဟောင်းနှောင်းဖြစ်တွေကို အားရပါးရ ပြောချင် နေပါတယ်။ ဘဘဦးစံအောင်နဲ့ ကျွန်မတို့ တွေ့ဆုံခွင့် ရခဲ့တာကလည်း ဝမ်းသာဝမ်းနည်း ဆွတ်ပျံ့ဖွယ် အခြေအနေလေး တစ်ခုပေါ့။ ကျွန်မတို့က တောင်ကြီးမြို့ရဲ့ မြိုတော်ဝန်ဟောင်း ဦးခန်းကို တွေ့ဆုံမေးမြန်းလိုတာကြောင့် ယမန်နေ့ကမှ ရောက်လာတာပါ။ ဦးခန်းဟာ ပင်လုံညီလာခံ အတွက်လည်း ဗိုလ်ချုပ်အောင်ဆန်းကို ကားမောင်းပို့ခဲ့သူပါ။ ကျွန်မတို့ တောင်ကြီးကို ရောက်တဲ့ မနက်ပဲ ဦးခန်းက ဆုံးသွားရှာပါတယ်။

“(ဒီအကြောင်းတွေ) ကျွန်တော် သိသလို သမီးတို့ကို သိစေချင်တယ်။ မဟုတ်ရင် ကျွန်တော်နဲ့ ပါသွားမယ်။ အသက် ကလည်း တစ်ရက်ပြီး တစ်ရက် နောက်ဆုံးနေ့နဲ့ နီးနီးလာနေပြီ။ ကျွန်တော်က ကလေးစကားနဲ့ဆို ဂိမ်းဘောဆိုက် နေပြီ”

“တနေ့ကလည်း မိတ်တွေတစ်ယောက် အသက်တစ်ရာကျော်... ဆုံးသွားတယ်။ ဒီလိုအခုဟာတွေကို မေးတဲ့လူ ရှိရင် ကောင်းမှာပဲ၊ ဟိုလူလို တခါထဲသေသွားရင် ပါသွားမယ်လို့ စိတ်ကူးနေတုန်း သမီးတို့ ကနေ့ မနက်ရောက်လာတယ်။ ကျွန်တော် ကံကောင်းပါတယ်။ တောင့်တတဲ့ အတိုင်း ရောက်လာကြတယ်။ ဒါတွေက သိတဲ့လူ သိပ်မရှိတော့ဘူး”

“(သတင်းထောက်ဖြစ်တာ) ဝါသနာလို့ပဲ ပြောရမယ်၊ တခြားအလုပ် ဘာမှ မလုပ်တော့ဘူး ဒါပဲ၊” 

ဦးစံအောင်ပိုင်ဆိုင်တဲ့ ဒီပင်လုံစာချုပ်ပုံတွေကို ၁၉၈၈ နောက်ပိုင်းမှာ အင်္ဂလန်က ဗြိတိသျှစာကြည့်တိုက်ကို လှုဒါန်းခဲ့ပါတယ်။ စာကြည့်တိုက်က ဒီပုံတွေကို ကျွန်မတို့ကို သဘောကောင်းစွာနဲ့ ပြခဲ့ပြီးတော့ ဒီဝက်ဆိုက်မှာ ပြန်လည်တင်ပြဖို့ ခွင့့်ပေးခဲ့ပါတယ်။

၁၉၃၉ ခုနှစ်၊ အသက် ၁၅ နှစ်အရွယ်မှာ ဦးစံအောင်ဟာ သူ့ရဲ့ဦးလေး police inspector ရဲအရာရှိ နေတဲ့ မြင်းခြံကိုသွားပြီး အဲဒီက အစိုးရ အထက်တန်းကျောင်းကို တက်ခဲ့ပါတယ်။ 

“ညနေညနေကျရင် ကျွန်တော့ ဦးလေးဆီကို ဆားပုလင်းက လာပြီးတော့မှ မှုခင်းရီပို့တွေကို အမြဲလာပြောပြ တင်ပြတယ်၊ ကျွန်တော်က အဲဒါတွေ ကြားပြီးတော့ စိတ်ဝင်စားစရာကောင်းတယ်”

“ကျွန်တော် သတင်းစာလည်း ဖတ်တော့ သတင်းစာဖတ်တဲ့ ကိစ္စမျိုးတွေ အများကြီးပဲ သူတို့ ပြောကြတော့၊ ငါဒါတွေဟာ သတင်းစာထဲမှာ ထည့်ရင်ရတာပဲ ဆိုပြီး လက်တည့် စမ်းလိုက်တာ၊ အဲဒီ စယူလာတဲ့ မှုခင်းထဲကဟာတွေ ရေးပြီးတော့ သတင်းစာတိုက်ကို ပို့လိုက်တယ်၊ (မြန်မာ့အလင်းမှာ) ပါလာတယ်၊ ကျွန်ုပ်တို့၏အကျိုးဆောင် သတင်းထောက် ထံမှ (ဆိုပြီး)”

“အဲဒီမှာ ပိုးဝင်သွားပြီ၊ နောက် အထက်ကလည်း စာပြန်လာတယ်၊ စာရွက်ကလေးတွေ စာအိတ်တွေ နောက်တစ်ခုက ကဒ်လေး ကြေးနန်းရုံးမှာ အရေးကြီးတဲ့ သတင်းဆိုရင် ရေးပြီး ပေးလိုက်၊ အဲ့ဒီကဒ် ပြရင် ပိုက်ဆံမပေးရဘူး တိုက်က ပေးမယ်”

“စာမူခလည်း ပို့လာတယ်၊ တခါတလေကျောင်းသားမှန်း သိတော့ စာအုပ်တွေဘာတွေ ပို့လာပေးတယ်၊ စာမေးပွဲ အောင်တယ် ဆိုတော့လည်း စာအုပ်တွေပို့လာပေးတယ်”

“အဲဒါ ကျွန်တော့ သတင်းထောက်ဘဝ စတာပဲ”

 

(ဝဲမှယာ) ဦးဖေခင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး၊ ဗိုလ်ချုပ်နှင့်အတူ လုပ်ကြံခြင်းခံလိုက်ရသော မိုင်းပွန်စော်ဘွား စဝ်စံထွန်း။

ဒုတိယကမ္ဘာစစ် အတွင်းမှာ ဦးစံအောင်ဟာ ကျောင်းကနေ ထွက်ပြီး သတင်းထောက် ဆက်လုပ်ပါတယ်။ ဂျပန်တွေ ဝင်ရောက်လာတာနဲ့ အတူ ဂျပန်တပ်တွေနဲ့ ဗြိတိသျှနဲ့ မဟာမိတ်တပ်တွေကြား အပြင်းအထန် ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိင်ငံဟာ စစ်ပွဲတွေရဲ့ ရှေ့တန်းမြေပြင် ဖြစ်လာခဲ့ရပါတယ်။ 

စစ်ပြီးသွားချိန်မှာတော့ တိုင်းပြည်ဟာ ပျက်စီးမှုများစွာနဲ့ ကျန်ခဲ့ပြီး ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရဖို့ လည်း ပိုမိုပြီး အားသန်လာပါတယ်။

ဦးစံအောင် လက်ခံရရှိခဲ့တဲ့ စာတစောင်ကနေ လွတ်လပ်တဲ့ အနာဂတ် မြန်မာနိုင်ငံထဲကို ရှမ်းပြည်နယ် အနေနဲ့ ပါဝင် မလား၊ မပါဝင်ဘဲ နေမလား ဆွေးနွေးတဲ့ အကြောင်း ပေါက်ကြားခဲ့တယ်လို့ ပြောပြတယ်။

“ကျွန်တော်လည်း ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (Shan State People's Freedom League) မှာ နေရာမယူဘဲ သတင်းထောက် အနေနဲ့ပဲ ရုံးကို အခမဲ့ လုပ်အားပေး လုပ်ပေးတယ်၊ နေရာဝင်ယူရင် မလွတ်လပ်တော့ဘူး သတင်းက၊ တိုက်မှာ အိပ်တယ်၊ ရုံးမှာ ကူညီတယ်” 

“လှုပ်ရှားတော့ ကျွန်တော်က သတင်းထောက် ဆိုတော့ မြို့ထဲထွက်၊ သတင်းလိုက်တာ ပေါ့၊ လိုက်တော့ အစိုးရ အရေးပိုင်ရုံး ရောက်သွားတယ်။ အရေးပိုင်က ဗြိတိသျှကာနယ် လွတ်လပ်ရေး မရသေးဘူး။ ရုံးမှာ ကျွန်တော်တို့ အာရှလူငယ်မှာ တုန်းက အတူတူ လုပ်ခဲ့သူက အဲ့ဒီရုံးမှာ chief clerk (ရုံးအကြီးအကဲ) ဖြစ်နေတယ်” 

“အဲ့ဒါနဲ့ တစ်ရက်ကျတော့ ကျွန်တော့ကို ခေါ်တယ်၊ ကိစ္စရှိတယ် လာခဲ့။ ကျွန်တော်သွားတော့ ဒီစာတမ်း တစ်ခု၊ အဲဒီစာတမ်းက သူတို့ ပင်လုံမှာ တင်ပြဖို့။ ဘာခေါ်လဲ စော်ဘွားတွေပဲ ဒိုမီနီယံပေါ့၊ မြင်းခွာပုံအုပ်ချုပ်ရေး။ မြန်မာပြည်ကို လွတ်လပ်ရေးပေးမယ်၊ တောင်တန်းဒေသ မပါဘူး၊ အဲဒါဖြစ်နေတယ်၊ အဲဒါကိုပဲ ခိုးထုတ်ပြီးတော့ ကျွန်တော်ရလာတော့”

“ညတွင်းချင်းပဲ အစည်းအဝေး ခေါ်ပြီးတော့ ဒီဥစ္စာ ဗိုလ်ချုပ်အောင်ဆန်းသိမှ ဖြစ်မယ် လို့ ဆုံးဖြတ်လိုက်တယ်” လို့ ဦးစံအောင်က ဆိုပါတယ်။ ဒီစာကို လူကြုံတစ်ဦးနဲ့ ရန်ကုန်ကို ထည့်ပေးလိုက်ပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းတော်ဝင်ခေါင်းဆောင်တွေ ဖြစ်တဲ့ စော်ဘွားတွေနဲ့ တွေ့ဆုံဖို့ ရှမ်းပြည်နယ်ကို လာခဲ့တယ်လို့ ဆက်ပြောပါတယ်။

မကြာခင် ဗြိတိသျှအစိုးရကို လန်ဒန်မှာ သွားတွေ့မယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလန်ခရီးမှာ သူဟာ စော်ဘွားတွေရဲ့ အထူးသံတမန် အဖြစ် အသိအမှတ်ပြုပေးဖို့ ဆိုပါတယ်။ စော်ဘွားတွေကလည်း ရှမ်းခေါင်းဆောင် အပြည့်အစုံ သဘော မတူသေးတာကြောင့် အချိန်ပေးပါလို့ တောင်းပါတယ်။ အင်္ဂလန်ရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့ လွတ်လပ်ရေး အမြင်ကို သစ္စာရှိတဲ့ SSFL ရဲ့ခေါင်းဆောင်ပိုင်းကို တိုက်ရိုက်ကြေးနန်းရိုက်ပြီး လူထုက ထောက်ခံကြောင်း ပြပေးပါလို့ ပြောပါတယ်။ SSFL ကလည်း တောင်ကြီး ဘောလုံးကွင်းမှာ လူတွေစုပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ လူထုကိုယ်စားလှယ် ဖြစ်ကြောင်း ကြေးနန်းပြန်ရိုက်လိုက် ပါတယ်။

အဲဒီမှာပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ နောက်နှစ်မှာ ကျင်းပမဲ့ ပင်လုံညီလာခံကို လာတက်ဖို့ ဖိတ်ကြားခံရပြီး သူလာမယ် ဆိုတော့ ဘုရင်ခံတွေကလည်း မလာတော့ဘူး လို့ ဦးစံအောင်က ပြောပြပါတယ်။

“အဲဒီတော့ ပင်လုံက (ဗိုလ်ချုပ်အောင်ဆန်း) ကုသိုလ်ပဲ။ သူ့အတွက် ဖြစ်သွားတယ်။ သူက စိတ်ရှည်လက်ရှည် ပြောတော့ ဟောတော့၊ ဒါ တကယ့်အဖြစ်အပျက်ပါ၊ သူ့ကုသိုလ်ကံပဲ။ အခုလို ပင်လုံဖြစ်လာဖို့ ဘယ်သူမှ မသိဘူး”

ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ထိုးနေပုံ

“ပင်လုံ အစည်းအဝေးခန်းမက မဏ္ဍပ်ကြီးလို ထိုးထားတယ်၊ ကိုယ်စားလှယ်တွေ အပြည့်ပဲ၊ စော်ဘွားတွေရော ဝန်ထမ်းတွေရော နယ်ကိုယ်စားလှယ်တွေ”

“ကျွန်တော်က သတင်းထောက်မှန်း သူတို့ အားလုံးသိတယ်။ အင်္ဂလိပ် အစိုးရစစ်တပ်က wireless station (ကြိုးမဲ့ကြေးနန်းရုံး) တခု ပင်လုံအစည်းအဝေးမှာလာဖွင့်ပေးတယ်။ ကျွန်တော်သွား report လုပ်တော့ (သတင်းစာတိုက် ကို) ပို့ပေးတယ်။ စိတ်ကတော့ လှုပ်ရှားတာပေါ့၊ ဒါပေမယ့် ပျော်တယ်၊ သိပ်လွတ်လပ်တယ်၊ ဘာအလုပ်မှ လုပ်လို့ မရတော့ဘူး၊ မလုပ်ချင်တော့ဘူး”

“ကျွန်တော်သွား (မျက်နှာ) ပြတဲ့အခါ တောင်ကြီးအရေးပိုင်က ကျွန်တော်နဲ့ သိနေတော့ ခေါ်ပြီးတော့ သူတို့နဲ့ မျက်နှာချင်းဆိုင် စားပွဲတစ်လုံး ပေးတယ်၊ သတင်းယူဖို့၊ သူတို့ လက်မှတ်ထိုးတာတွေ ဘာတွေ အားလုံး ကျွန်တော့်ရှေ့မှာပဲ။ ကံကောင်းချင်တော့ လက်မှတ်ထိုးတဲ့ ပုံတွေကို ဓာတ်ပုံရိုက်ဖို့ ကျွန်တော့်မှာ ကင်မရာ ကောင်းကောင်းမရှိဘူး။ ကျွန်တော် လေ့ကျင့်ထားတာ ဘောက်ကင်မရာ အဲ့ဒါပဲ”

“အဲ့ဒါနဲ့ ကြိုးစားပြီးတော့ ကျွန်တော်ရိုက်တယ်၊ စက္ကူက ဖလင်ပေါ့ ၁၂ ပုံပေါ့။ နှိပ်လိုက်ရင် ဂလောက် ဂလောက် ဒီလိုပဲ ရိုက်ရတယ်”

“ကျွန်တော်ကတော့ ကိုယ်လေ့ကျင့်ထားလို့ပေါ့၊ စိတ်ထဲကတော့ တထင့်ထင့်ပဲ၊ နှိပ်လိုက်ပြီး လွှတ်လိုက်ရင် ဂလောက်ဆို တစ်ပုံ”

“၁၂ ပုံကုန်သွားတော့ ပြေးပြီးတော့ ကျနော်တည်းခိုတဲ့ နေရာမှာ စောင်ခြုံပြီးတော့ ဖလင်လဲရတယ်”

 

ပင်လုံညီလာခံ

ပင်လုံညီလာခံ ပြီးဆုံးသွားပေမယ့် ဦးစံအောင်ကတော့ သူရဲ့ သတင်းထောက်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ “ရှမ်းပြည်ဟစ်တိုင်” ဆိုပြီးတော့လည်း သတင်းစာတစ်စောင်ကို ထုတ်ခဲ့ပါတယ်။

“ရှမ်းပြည်အနှံ့ ဂျာနယ်။ ၄ စောင်ထုတ်ပြီး ထွက်ပြေးရတယ်။ ပုဒ်မ ၅ နဲ့” 

အာဏာပိုင်တွေရဲ့ မကြာခဏ အမျက်ရပုံတွေကို ပြန်ပြီး သတိရနဲ့ ပြောပြပါတယ်။

ထိုစဉ်က မြန်မာနိုင်ငံရဲ့ တက်သစ်စ အရပ်သား အစိုးရဟာလည်း တိုင်းရင်းသားတွေရဲ့ မကျေနပ်မှုတွေ၊ တင်းမာမှုတွေနဲ့ ပြည်တွင်း ပဋိပက္ခတွေကို ထိန်းသိမ်းဖို့ ကြိုးစားရုန်းကန်နေရတဲ့ အချိန်ပေါ့။ တစ်ချိန်မှာ ကရင်ဆန့်ကျင်သူတွေက တောင်ကြီးကို ဝင်စီးခဲ့ပါတယ်။

“တောင်ကြီးမြို့ကို သိမ်းထားတယ်၊ အစိုးရလည်း မရှိဘူး။ ကျွန်တော် ဆေးရုံမှာ ရှိတဲ့ ဆရာဝန်ကြီးက ကျွန်တော်တို့ ဦးလေးနဲ့ ရင်းနှီးတာကိုး၊ သူတို့ မသိအောင် ဆရာဝန်ကြီးကို ကျွန်တော်ပြောတယ်၊ ကျွန်တော် မြို့ထဲမှာ နေရင် အန္တရာယ် ရှိတယ်။ ကရင်သူပုန်က ၃ လလောက် သိမ်းနေတော့ ကျွန်တော်ဆေးရုံမှာ လူနာအဖြစ် ဟန်ဆောင်နေရတယ်”

ဦးစံအောင်ဟာ နိုင်ငံရေးမှာလည်း ပါဝင်လှုပ်ရှားခဲ့ပေမယ့် နှလုံးသားထဲမှာတော့ သတင်းထောက်အဖြစ်နဲ့ပဲ ရပ်တည်ခဲ့ပါတယ်။

သတင်းထောက်အလုပ် လုပ်ကိုင်ရတာ ပိုပြီးခက်ခဲလာတဲ့ အချိန်မှာ အခွင့်အရေးအသစ် တစ်ခုပေါ်ပေါက်လာပါတယ်။ သူ သတင်းလိုက်ရင်းကနေ ပအို့ဆန့်ကျင်သူတွေနဲ့ ရင်းနှီးသွားပြီး ပအို့ခေါင်းဆောင် ဦးလှဖေက ပအို့ကိုယ်စားလှယ်တစ်ဦး အနေနဲ့ လွှတ်တော်ကိုတက်ဖို့ တိုက်တွန်းပါတယ်။

“ကျွန်တော် လန့်သွားတယ်၊ ကျွန်တော်နဲ့ မထိုက်တန်ဘူး သတင်းထောက်လေးပဲ၊ မရဘူး၊ မင်း မကူညီရင် နောက် ဒို့ဆီ မလာနဲ့၊ အဲ့လိုပြောတော့လည်း စိတ်ကို မကောင်းဘူး။ ကျွန်တော် လက်ခံလိုက်ပြီ၊ အဲ့တော့ ကျွန်တော်အမတ် ဖြစ်သွားတယ်၊ လွှတ်တော် တက်တယ်၊ အဲ့တော့ ၅၆ ခုနှစ် အထိ၊ ရပ်စောက်မဲဆန္ဒနယ်က”

“တခြားအလုပ် အလကား လုပ်ပေးတယ် ဘော်လန်တီရာ၊ တိုင်းရေးပြည်ရေးတွေ အကုန်လုပ်ပေးတယ်၊ အများကြီး လုပ်ပေးတယ်။ အဖွဲ့စည်းတွေဆို နေရာဝင်ယူရင်… အတွင်းရေးမှူး ဘာညာ၊ ယူလိုက်ရင် ကျနော် သေသွားပြီ။ သတင်းထောက် (ကနေ)”

“ကျွန်တော် သတင်းထောက်ပါ။ ဒါရရင်ရပြီ၊ ကနေ့ထိလည်း ကျွန်တော် သတင်းထောက်ပဲ၊ သေသွားတဲ့ထိ သတင်းထောက်ပဲ”

“သတင်းထောက်ရဲ့လွတ်လပ်ခွင့် လုပ်ပိုင်ခွင့် လွတ်လပ်တဲ့ လူသားတစ်ယောက် ပြီးတော့ လူတွေကို အများဆုံး သတင်းပေးနိုင်တယ် အသက်ပေးနိုင်တယ်၊ သတင်းထောက်ပဲ”

“ဘဝမှာတန်ဖိုးအထားရဆုံးပြောရရင် I Love Freedom. Journalism. ဒီထက် လွတ်လပ်တဲ့အလုပ် မရှိဘူး၊ ဘာမှ မဖြစ်ချင်ဘူး၊ ဘာမှလည်း မလိုချင်ဘူး၊ ဒီအထဲမှာ ပျော်တယ်၊ Freedom of expression။ ဒါတွေ ရထားတာ၊ ရသလောက်ကို ကျွန်တော် တန်ဖိုးထားတယ်။ လူထုကို အသိဉာဏ်ပေးရမယ်၊ ပညာပေးရမယ်”

 

(၂၀၁၆ ဇွန်လတွင်တွေ့ဆုံမေးမြန်းခြင်း)