မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးမြို့နဲ့ ယခင်မြို့တော်ဟာ ရန်ကုန် ဖြစ်ပေမယ့် တော်ဝင်တဲ့မြို့ကတော့ နံမည် ကြားရုံနဲ့တင် စာပေ ယဉ်ကျေးမှုကို ပြေးတွေးမိစေတာက မန္တလေးပါ။ နိုင်ငံရဲ့ အလယ်မှာ ရှိတဲ့ ဒီမြို့ဟာ အထင်ကရ စာရေးဆရာ၊ ပန်းချီဆရာ၊ အနုပညာရှင် များစွာနဲ့ လူရွှင်တော်တွေ ရှိတဲ့ ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ် လူသိများပါတယ်။ မန္တလေး စာပေဂုဏ်သတင်းဟာ ပြည်တွင်းမှာ သာမကပဲ ပြည်ပအထိလည်း သင်းပျံ့ခဲ့ပါတယ်။
အဲဒါကတော့ “မန္တလေး” လို့ ခေါ်တဲ့ ရုဒ်ဒယာတ်ကစ်ပလင်ရဲ့ နံမယ်ကြီး ကဗျာတစ်ပုဒ် ကြောင့်ပါပဲ။ ကစ်ပလင်ဟာ မန္တလေးကို တစ်ခါမှာ မရောက်ဖူး ပါဘူး။ အိန္ဒိယကနေ ဗြိတိန်ကို အပြန်လမ်းမှာ မော်လမြိုင်မှာ တခဏ နားပြီးတော့ ဒီကဗျာကို ရေးလိုက်တာပါ။ ဒီကဗျာကို ဖတ်မိသူတိုင်းဟာ ရွှေရောင်တလက်လက် တောက်ပနေတဲ့ စေတီပုထိုးတွေရှိတဲ့၊ ဆေးပေါ့လိပ်သောက်တဲ့ ဧကရာဇ်တွေ စိုးမိုးတဲ့၊ နူးညံ့သိမ်မွေ့တဲ့ မြန်မာအမျိုးသမီးချောတွေနဲ့ ပြည့်နေတဲ့၊ ဝေးလံတဲ့ တနေရာကမြေကို မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက် မြင်လာစေပါတယ်။
၁၈၈၅ ခုနှစ်မှာ ဗြိတိသျှတွေ မန္တလေးကို ရောက်လာတဲ့ အချိန်မှာ သူတို့ရဲ့ အင်ပါယာကြီး အထွတ်အထိပ်ကိုရောက်နေပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို သိမ်းပိုက်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်းကို အိန္ဒိယ နိုင်ငံက ဝေးလံတဲ့ ရတနာဂီရိမြို့ကို ခေါ်သွားပါတယ်။ သီပေါမင်းလည်း သူ့တစ်သက်လုံး အဲဒီမှာပဲ နေသွားရရှာပါတယ်။ သီပေါမင်းရဲ့ ဖခင် မင်းတုန်းမင်းဟာ မန္တလေးနန်းတော်ကို ၁၈၅၇ ကနေ ၁၈၆၁ အတွင်းတည်ဆောက်ခဲ့ပါတယ်။
မြန်မာရှင်ဘုရင်တွေ နောက်ဆုံးဆောက် ခဲ့တဲ့ဒီနန်းတော်ဟာ ဗြိတိသျှခေတ်မှာ စစ်တပ်တွေနေပြီး ဖော်တ်ဒပ်ဖရင် လို့ အမည်တွင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ရောက်လို့ ဂျပန်တွေ ဝင်လာချိန်မှာတော့ မဟာမိတ်တပ်များရဲ့ ပြင်းထန်စွာ ဗုံးကြဲမှုတွေကြောင့် နန်းတော်ကြီး အကုန်နီးပါး ပျက်စီးသွားခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ အဆောက်အဦးတွေကို ရှေးကပုံအတိုင်း ပြန်လည် တည်ဆောက်ထားပါတယ်။ ကျုံးပတ်လည် ဝိုင်းနေတဲ့ နန်းတော်ထဲမှာ အခုချိန်ထိ စစ်တပ်တွေ ရှိနေတုန်း ပါပဲ။
အခုမှာတော့ မြန်မာစစ်တပ်ပေါ့။ နန်းတော်ပရဝုဏ် အများအပြားဟာ ကန့်သတ် နယ်မြေဖြစ်ပေမယ့် ဧည့်သည်တွေဟာ တစ်ချို့နေရာတွေကို သွားပြီး ကြည့်ရှုလေ့လာလို့ ရပါတယ်။ ဒါပေမယ့် လူဦးရေ ၆ သန်းတောင် ရှိတဲ့ မန္တလေးတိုင်းမှာ သူနဲ့ နံမည်တူ ခံထားတဲ့ မြို့အပြင် အခြားအများသော ဆွဲဆောင်မှုတွေ ရှိပါတယ်။
နှစ်ပေါင်း ရာကျော်တဲ့ ဗုဒ္ဓဘာသာ ဓလေ့ ထုံးတမ်းနဲ့ အမွေအနှစ်တွေ အပြည့်ရှိတဲ့ နေရာလို့ ပြောရင် ပုဂံ ဆိုတာ လူတိုင်းသိပါတယ်။ ပုဂံရဲ့ ဂုဏ်သရေကို နိုင်ငံခြား ခရီးသွားတွေရော ပြည်တွင်းခရီးသွားတွေပါ အလွန်နှစ်ခြိုက်ကြပါတယ်။ မနီးမဝေးမှာ မီးတောင်သေ တခု ဖြစ်တဲ့ ပုပ္ပားတောင်ရှိပါတယ်။ နတ် ၃၇ ပါးလုံးရဲ့ နေရာလည်း ဖြစ်ပါတယ်။ အမရပူရမှာတော့ ကမ္ဘာပေါ်မှာ အရှည်ဆုံး ဖြစ်တဲ့ ကျွန်းတံတားကြီးရှိလေရဲ့။ အလွန်ပူအိုက်တဲ့ဒေသမှာ အေးချမ်းတဲ့ ပြင်ဦးလွင်လို တောင်ပေါ်မြို့လည်းရှိပြီး အလွန်လူကြိုက်များတဲ့ ခိုသွေးပတ္တမြားတွေ ထွက်တဲ့ မိုးကုတ်လည်း ပါဝင်ပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ဗုဒ္ဓဘာသာတရားကို အလွန်ပဲ ကိုင်းရှိုင်းကြပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်း အရဆိုရင် ၉၅ ဒသမ ရ ရာခိုင်နှုန်းဟာ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာလို့ သတ်မှတ်တယ် လို့ တွေ့ရပါတယ်။
ဒီတိုင်းဒေသကြီးဟာလည်း ရည်မှန်းချက်ကြီးကြီးနဲ့ အဆောင်အအုံတွေ တရစပ်ဆောက်နေတဲ့ မြန်မာနိုင်ငံအသစ်နဲ့ ဖြည်းဖြည်းဆေးဆေး သိပ်လှုပ်ရှားမှု မရှိတဲ့ မြန်မာနိုင်ငံ မြို့တော်ဟောင်းတို့ရဲ့ ကွဲပြားပုံတွေကို ကွင်းကွင်းကွက်ကွက် နှိုင်းယှဉ် မြင်တွေ့ရနိုင်တဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။ မန္တလေးမြို့ကြီးရဲ့ မိုးကုတ်စက်ဝိုင်းမှာ ကုန်တိုက်အသစ်ကြီး တွေ၊ ဟိုတယ် အသစ်တွေ၊ တိုက်အသစ်တွေက အပြေးအလွှား နေရာယူလာ နေကြပါပြီ။ နိုင်ငံတကာ လေယာဉ်တွေ ဆင်းသက်လို့ ရတဲ့ လေဆိပ်လည်း ရှိ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှား နိုင်ငံတွေနဲ့လည်း လမ်းမကြီးတွေ ဆက်သွယ် ထားပြီး ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အလွန်တရာအရေးပါတဲ့ ကုန်သွယ်ရေးမြို့ တစ်မြို့လည်း ဖြစ်လာခဲ့ပါတယ်။
ဒါတွေကြောင့် တရုတ်ပြည်က ဝင်လာတဲ့ စီးပွားရေးအရေ ရွှေ့ပြောင်း နေထိုင်သူများ အများအပြား ပေါ်လာပါတယ်။ လယ်ယာစိုက်ပျိုးရေးဟာ မန္တလေးတိုင်းရဲ့ ဂျီဒီပီ (မြန်မာ ပြည်တွင်း အသားတင် ထုတ်လုပ်မှု ပမာဏ) ရဲ့ ၃၀ ရာခိုင်နှုန်း ရှိပြီး ဒုတိယအရေးကြီးဆုံး လုပ်ငန်းဖြစ်ပါတယ်။ ဒါပေမဲ့ သုတေသနပြုချက်တွေ အရ ဆိုရင် ဒီဒေသဟာ စက်မှုလုပ်ငန်း ၂၈ ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှု ၄၂ ရာခိုင်နှုန်းတွေ ဘက်ကို စတင်ပြောင်းလဲ နေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲပြောပြော သွားလာဖို့ အတွက်ကတော့ အခုအချိန်အထိ နွားလှည်းတွေဟာ တတိယ လူသုံးအများဆုံး ၂၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အသုံး အများဆုံးကတော့ မော်တော်ဆိုင်ကယ် ၅၈ ဒသမ ၂ ရာခိုင်နှုန်းပါ။
မန္တလေးတိုင်း ဒေသကြီးဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နှိုင်းယှဉ်ကြည့်ရင် တိုးတက်တဲ့ဒေသတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် စာတတ်သူများပြားလို့ ၉၃ ဒသမ ၈ ရာခိုင်နှုန်း အကုန်လုံး တသားတည်းလို့တော့ မထင်လိုက်ပါနဲ့။ ဒီဒေသက အသက် ၅ နှစ်နဲ့ အထက် လူဦးရေထဲက ၅ သိန်းနီးပါးဟာ ကျောင်းတခါမှ မတက်ဖူးဘူး လို့ ၂၀၁၄ သန်းခေါင်စာရင်းက ဆိုပါတယ်။
ဒါ့အပြင် အသက် ၁၀ နှစ်နဲ့ အထက် အုပ်စုထဲက လူ ၅ ဦးထဲမှာ ၁ ဦး က မှတ်ပုံတင်လိုမျိုး သတ်သေပြတဲ့ စာရွက် တစ်စုံတစ်ရာမှ မရှိတာကို တွေ့ရပါတယ်။ ဒီလို စာရွက်စာတမ်း လုံးလုံးမရှိတဲ့ လူဦးရေ ၁ ဒသမ ၁ သန်းထဲမှာ ၃ ပုံ ၂ ပုံ ရ၈၄၃၄၉ ဦးဟာ ကျေးလက်ဒေသမှာ နေထိုင်သူတွေပါ။ ။