KAYAH
မြန်မာနိုင်ငံ အရှေ့ဘက်ပိုင်းမှာ ရှိတဲ့ ကယားပြည်နယ်ဟာ မြစိမ်းရောင် လယ်ကွင်းပြင်တွေ၊ မှန်သားပြင်တွေလို ရောင်ပြန်ဟပ်တဲ့ ရေကန်တွေ၊ မြင့်မား မတ်စောက်ပြီး ချွန်ထက်တဲ့ တောင်တွေ ရှိပြီး အလွန်သာယာလှပ ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်ကြားမှာ တည်ရှိတဲ့ ကယားဟာ မြန်မာနိုင်ငံ တစ်ခုလုံးမှာ လူဦးရေ အရရော (ပြည်နယ် တစ်ခုလုံးမှာ ၂၈၆၆၂၇ ဦးသာနေထိုင်ပါတယ်) ၊ ပထဝီ အနေအထား အရပါ အသေးငယ်ဆုံးပါ။ ဒါပေမယ့် မတူ ကွဲပြားတာတွေ အများဆုံး ရှိတဲ့ နေရာ တစ်နေရာထဲမှာလည်း ပါဝင်ပါတယ်။ ကယားပြည်နယ်ထဲက အဓိက တိုင်းရင်းသား လူမျိုးစုတွေကတော့ ကယား၊ ကယောနဲ့ ကယန်း (ရှမ်းနာမည် ဖြစ်တဲ့ ပဒေါင်လို့လည်း ခေါ်ကြပေမယ့် သူတို့က ကယန်းလို့ ခေါ်တာကို ပိုသဘောကျကြပါတယ်) ပေါ့။
ကြေးကွင်းတွေ လည်ပင်းမှာစွပ်တဲ့ ဓလေ့ထုံးစံရှိတဲ့ ကယန်း အမျိုးသမီးတွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေ ထဲမှာ မှတ်မိဖို့ အလွယ်ဆုံးပါ။ အစဉ်အလာအရ ဆိုရင် မိန်းကလေးတွေဟာ အသက်ကြီးလာတာနဲ့ ကြေးကွင်းတွေ ထပ်တိုးပြီး ဝတ်ဆင်ရပါတယ်။ ပြီးရင်တစ်သက်လုံး မချွတ်တော့ပါဘူး။ ဒီကြေးကွင်းတွေဟာ ကယန်းအမျိုးသမီးတွေရဲ့ လည်ပင်းကို ပိုမိုရှည်လျားလာတယ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်းမှာ သူတို့ရဲ့ ပုခုံးကို ဖိထားတာဖြစ်ပါတယ်။ ဒီဓလေ့ထုံးစံရဲ့ သမိုင်းနဲ့ ပတ်သက်လို့ ပုံပြင်တွေ မျိုးစုံ ရှိပါတယ်။ ကျားတွေ တိုက်ခိုက်တာကို ကာကွယ်ဖို့ လို့ ဆိုတဲ့ သူတွေ ရှိသလို မနှစ်သက်တဲ့ လူတွေက လာကမ်းလှမ်းမှာကို ရှောင်လွှဲချင်လို့ ဆိုတဲ့သူတွေလည်း ရှိပါတယ်။
ယခုအချိန် အထိ ကြေးကွင်းတွေကို ကယန်းလူမျိုးတွေရဲ့ ဂုဏ်ယူစရာ သင်္ကေတလို့ ယူဆကြပေမယ့် ဝတ်ဆင်တဲ့ အမျိုးသမီးတွေ နည်းပါးလာပါတယ်။
ဒီကြေးကွင်းဝတ်တဲ့ ဓလေ့ကြောင့်လည်း အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့တာမျိုးလည်း ရှိပါတယ်။ စစ်အစိုးရလက်ထက်မှာ ထောင်နဲ့ သောင်းနဲ့ ချီတဲ့ ကယားလူမျိုးတွေဟာ စစ်ပွဲတွေနဲ့ စီးပွားရေးဒုက္ခတွေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ပြေးသွားကြ ပါတယ်။ ဒီအထဲက ကယန်းအမျိုးသမီးတွေရဲ့ ထူးခြားတဲ့ အသွင်အပြင်ကြောင့် ခရီးသည်တွေ လာကြည့်လို့ ရတဲ့ အထူးရွာတွေ ထိုင်းနိုင်ငံမှာ ပေါ်ပေါက်လာပါတယ်။ နိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်လို့ ရအောင်လို့ ကယန်း အမျိုးသမီးတွေကို ပြသထားတဲ့ ဒီရွာတွေကို human zoos သို့မဟုတ် လူတွေထားတဲ့ တိရစ္ဆာန်ရုံလို့ ခိုင်းနှိုင်းခေါ်ဆိုမှုတွေ ဖြစ်လာပါတယ်။
အရွယ် သေးငယ်ပေမယ့် ကယားပြည်နယ်မှာ လက်နက်ကိုင် အင်အားစု ၈ စု လောက်ရှိပြီး ပဋိပက္ခတွေ ဆက်ပြီး ဖြစ်နေတယ် လို့ စာတမ်းတွေက ဆိုပါတယ်။ ကယားပြည်နယ်ရဲ့ လူဦးရေ ၃ ပုံ ၄ ပုံဟာ ကျေးလက်ဒေသတွေမှာ နေကြတာ ဖြစ်ပြီး စားဝတ်နေရေး အတွက် လယ်ယာစိုက်ပျိုးရေးဟာ အဓိက ကျောရိုး ဖြစ်ပါတယ်။ လယ်မြေ သိမ်းတာကလည်း မပျောက်ကွယ် သေးတဲ့ ပြဿနာတစ်ခုပါ။ လယ်မြေ စိုက်ပျိုးသူတွေဟာ အာဏာရှိတဲ့ အသိုင်းအဝိုင်းကို ပြန်လည် ထိပ်တိုက် ရင်ဆိုင် တောင်းဆိုဖို့ ရုန်းကန်နေဆဲပါ။ ဆန်စပါး၊ ပြောင်း၊ နှမ်း နဲ့ မြေပဲဟာ ကယားရဲ့ အဓိက ကောက်ပဲသီးနှံတွေ ပါ။ ဒီထဲက နှစ်မျိုး (ပြောင်းနဲ့ဆန်) ကို ပေါင်းခံလိုက်ရင် ကယားပြည်နယ်ရဲ့ နေရာတကာမှာ တွေ့ရတဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်တဲ့ ခေါင်ရည်ကို ရပါတယ်။
မြန်မာနိုင်ငံ ပြည်သူလူထုထဲမှာ ကယားပြည်ကို ရောက်ဖူးသူ ရှားပေမယ့် လောပိတ ရေအားလျှပ်စစ်စီမံကိန်းကို မကြားဖူးသူ မရှိသလောက်ပါပဲ။ ၁၉၆၀ နှစ်ပိုင်းတွေမှာ တည်ဆောက်ခဲ့တဲ့ ဒီစီမံကိန်းဟာ တစ်နိုင်ငံလုံးရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံး ဖြစ်ပြီး ၂၀၁၄ အထိ မြန်မာနိုင်ငံရဲ့ စွမ်းအင် ၅ ပုံ ၁ ပုံကို ထုတ်လုပ်ပေးနေဆဲပါ။ ဒေသခံတွေ အတွက်တော့ အငြင်းပွားစရာ စီမံကိန်းပါ။ ဘာကြောင့်လဲ ဆိုတော့ လောပိတက ထုတ်လုပ်တဲ့ စွမ်းအင်အများစုဟာ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးပြကြီးတွေ အတွက်ဖြစ်ပြီး ဒေသခံတွေက အကျိုးအမြတ် မခံစားရတဲ့ အတွက်ကြောင့် ပါပဲ။
အခုတော့ ကယားပြည်နယ်မှာ မီးရဖို့ ကြိုးစားနေကြ ပါပြီ။ ၂၀၁၄ မှာ ထုတ်ပြန်ထားတဲ့ စစ်တမ်းတစ်ခု အရ ဆိုရင် မီးရတဲ့ အိမ်ခြေ ၅၀ ရာခိုင်နှုန်း မပြည့်ပါဘူး။ ၁၇ ရာခိုင်နှုန်းဟာ ဒေသဈေးတွေမှာ လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ နေရောင်ခြည် စွမ်းအင်သုံး အပြားအသေးလေးတွေကို သုံးပြီး ၂၀ ရာခိုင်နှုန်းကတော့ ဖယောင်းတိုင် သုံးပါတယ်။
လောပိတနဲ့ သူ့လိုမျိုး ရဲ့ အဆောက်အအုံတွေ အကြီးအမားတွေ တည်ဆောက်တဲ့ စီမံကိန်းတွေရဲ့ အထင်သာဆုံး ရလဒ် ကတော့ အဲဒီ နေရာတဝိုက်မှာ စစ်တပ် အင်အားများလာတာရယ်၊ မြေမြှုပ်မိုင်းတွေ တိုးပွားလာတာရယ် ပါပဲ။
ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ဟာ ရှမ်းစကားအရ ဆိုရင် “တောင်ထူထပ်တဲ့ ကျွန်း” လို့ အဓိပ္ပာယ် ရသတဲ့။ မြို့ရဲ့ အကျော်ကြားဆုံး နေရာကတော့ တောင်ကွဲဘုရား ပါပဲ။ မြင့်မား စောက်မတ်တဲ့ တောင်တွေပေါ်မှာ တည်ထားတဲ့ စေတီပါ။
ကယားပြည်နယ်ရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်း နီးပါးဟာ ဗုဒ္ဓဘာသာတွေ ဖြစ်ပြီး ၄၆ ရာခိုင်နှုန်းကတော့ ခရစ်ယာန်တွေပါ။ ကစ်သလစ်ရော၊ ဘက်ပ်တစ်ရော ပါပါတယ်။ ၂ ရာခိုင်နှုန်းကတော့ အင်နီမစ်စ်လို့ ခေါ်တဲ့ သက်မဲ့အရာများကို ကိုးကွယ်တယ် လို့ ဆိုပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းမှာ ဟိန္ဒူနဲ့ မွတ်စလင် အနည်းငယ်ကိုလည်း တွေ့ရပြီး ၁ ရာခိုင်နှုန်း ကတော့ သူတို့ရဲ့ ဘာသာကို “အခြား” လို့ ရေးထားပါတယ်။
မကြာသေးမီ အချိန်ကမှ နိုင်ငံခြားခရီးသည်တွေဟာ ကယားကို လာရောက်ခွင့် ရတာပါ။ ဒါတောင်မှ နေရာ အတော်များများဟာ ကန့်သတ်နယ်မြေတွေ ဖြစ်လို့သွားလို့ မရပါဘူး။ နောက်ဆုံးထွက်တဲ့ Lonely Planet ခရီးသွား လမ်းညွန်စာအုပ်မှာ ဆို ကယားပြည်နဲ့ ပတ်သက်လို့ ရေးထားတာ ၄ မျက်နှာပဲ ရှိပြီး တစ်မျက်နှာကတော့ ကယားကို လာဖို့ အတွက် စာရေးသူ ကြုံတွေ့ခဲ့ ရတဲ့ အခက်အခဲတွေ အကြောင်း၊ မြန်မာနိုင်ငံရဲ့ စိတ်ညစ်စရာ ကောင်းလှတဲ့ ဗျူရိုကရေစီ စနစ်အကြောင်းကို သတိပေး ရေးသားထားတာပါ။
ဘယ်လိုပဲ ခက်ခဲ ခက်ခဲ…၊ ကယားပြည်နယ်ရဲ့ သဘာဝအလှတွေ၊ ကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ အေးအေးလူလူ ဆွဲဆောင်မှုတွေကြောင့် ခရီးသွားတွေ တဖြည်းဖြည်းနဲ့ များပြားလာမှာ သေချာပါတယ်။ စိန်ခေါ်ချက်ကတော့ နှစ်ရှည် လများ ဥပေက္ခာပြု ခံထားရတဲ့ ရိုးရာဓလေ့တွေကို ပြုစုပျိုးထောင်ပေးတဲ့၊ လူမှုအသိုင်းအဝိုင်းတွေကို ထောက်ပံ့ပေးတဲ့ ခရီးသွားလုပ်ငန်း ဖြစ်အောင်လုပ်ပေးဖို့ ပါပဲ။